၅၂လမ်း နေ့၊ညစျေး ဖွင့်လှစ်ပြီ

၅၂လမ်း နေ့၊ညစျေး ဖွင့်လှစ်ပြီ

 

ရန်ကုန်၊ ဇန်နဝါရီ ၁၅ရက် ။           ။ ၈ပေပတ်လည်ဆိုင်ခန်းများ ပါဝင်သည့် ပုဇွန်တောင်မြို့နယ်ရှိ ၅၂လမ်း နေ့၊ည ဈေးကို စတင်ဖွင့်လှစ်နေပြီဖြစ်သည်။

၎င်းဈေးတွင် ဆိုင်ခန်းပေါင်း ၁၃၈ခန်းပါဝင်ပြီး မနက်ပိုင်းဈေးရောင်းချရန်အတွက် ၉၂ဦး၊ ညပိုင်းဈေးရောင်းချရန်အတွက် ၁၁၉ဦးတို့က စာရင်းပေးသွင်းထားသည်။

မနက် ၆နာရီမှ နေ့လည်၁၁နာရီအထိအချိန်တွင် ဟင်းသီးဟင်းရွက်၊ အသားငါး၊ ဘုရားပန်းများ၊ မနက်စာရောင်းချပေးသည့်ဆိုင်များက ပါဝင်ရောင်းချလျက်ရှိသည်။

ညပိုင်း ၃နာရီမှ ည၁၁နာရီအထိဆိုင်များတွင် အကင်ဆိုင်များ၊ ထမင်းဆိုင်များ၊ အသုတ်ဆိုင်များ၊ အကြော်ဆိုင်များ၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်များစသည့် အစားအသောက်ရောင်းချသည့်ဆိုင်များ ရှိနေသည်။

လာရောက်စားသုံးသူများ အဆင်ပြေရန်အတွက် စီစီတီဗီကင်မရာ ၁၅ခု၊ စလိုက်မီးကြီး ၂ခု၊ အများသုံးအိမ်သာများ ထားရှိပေးထားသည်။

ဈေးရောင်းချသူများအတွက် ရေ၊ လျှပ်စစ်မီး၊ အမိုးအကာတဲများချထားပေးကာ လျှပ်စစ်မီတာနှင့် ရေမီတာခများကို သုံးစွဲသည့်ယူနစ်အတိုင်း ဆိုင်ခန်းတစ်ခန်းချင်းစီမှ ကျခံရမည်ဖြစ်သည်။

၅၂လမ်းဈေးတွင် ရောင်းချရန်အတွက် ကတ်ပြားများကို ၂၀၁၇ ဒီဇင်ဘာ၂၈ရက်နေ့တွင် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်မှူးရုံး၌ ထုတ်ပေးခဲ့သည်။

ဆိုင်ခန်းငှားခနေရာအတွက် တစ်ဆိုင်လျှင် တစ်လ ၁၅,၀၀၀ ကျပ်ဖြင့် သတ်မှတ်ရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။

ယခုဇန်နဝါရီလ ၃ရက်နေ့ နောက်ဆုံးထားကာ ဈေးသည်များအားလုံးကို ပြောင်းရွေ့ရန်လည်း ကြေငြာခဲ့သည်။

ထို ၅၂လမ်း နေ့၊ည ဈေးအတွက် လုံခြုံရေးဝန်ထမ်း နှစ်ဦးအား ငှားရမ်းချထားပေးမည်ဟု ပုဇွန်တောင်မြိ့နယ်မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းမှ ပြောကြားခဲ့ဖူးသော်လည်း ဇန်နဝါရီ ၁၅ရက်နေ့အထိ လုံခြုံရေးဝန်ထမ်း မတွေ့ရှိခဲ့ရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly