နောင်ချိုတွင် ရီမုမိုင်းတစ်လုံးပေါက်ကွဲ၊ လူ ၃ ဦးဒဏ်ရာရ

နောင်ချိုတွင် ရီမုမိုင်းတစ်လုံးပေါက်ကွဲ၊ လူ ၃ ဦးဒဏ်ရာရ
ဓာတ်ပုံ - ပြည်ထဲရေး

ရန်ကုန်၊ ဇန်နဝါရီလ ၁၅ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြင်ဦးလွင်- မိုးကုတ်သွားကားလမ်း၊ မိုင်တိုင်(၂၉/၇-၈)ကြားတွင် ရီမုမိုင်တစ်လုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝရီလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုမှာ ဇန်နဝါရီလ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၅ဝ အရွယ် ဦးအောင်ပု(ခ) ဦးစိုးညွှန့်ဆိုသူ မောင်းနှင်လာသည့် စိန်နန်းစိုးယာဉ်လိုင်းမှ ဟိုက်အေ့ ယာဉ်မှာ မိုင်တိုင်(၂၉/၇-၈)ကြားအရောက် လမ်းယာဘက်ဘေး ၅ ပေခန့်အကွာတွင်   ထောင်ထားသော ရီမုမိုင်း က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ယာဘက်ခြမ်းနှင့် ကိုယ်ထည်မှာ မိုင်းစများထိမှန်ခဲ့ပြီး ဘေးမှန်များ ပျက်စီးခဲ့ သည့်အပြင် ယာဉ်ပေါ်ပါ ခရီးသည် ၁ဝ ဦးအနက် အသက် ၂၃ နှစ်အရွယ်   ဒေါ်နွယ်နွယ်မြင့်နှင့် အမျိုးသား ၂ ဦးမှာ မှန်စများ ထိမှန်သဖြင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ ၃ ဦးအား ကနဦးတွင် ဒိုးပင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ ပို့ဆောင် ဆေးကုသပေးခဲ့ကာ ည ၇ နာရီ၊ ၄ဝ မိနစ်တွင် မိုးကုတ်ဆေးရုံသို့ပြောင်းရွှေ့ ဆေးကုသပေးခဲ့ကြောင်း သိရ သည်။

အလားတူ ဇန်နဝရီလ ၁၄ ရက်၊ နံနက် ၉ နာရီခန့်အချိန် ကချင်ပြည်နယ်၊ ချီဖွေမြို့၊ အရှေ့ဘက် ၄ မိုင်ခန့် အကွာတွင် အသက် ၃၅ နှစ်အရွယ် ဦးခေါယိန်းက ၎င်းပိုင်လိမ္မော်ခြံအား ရှင်းလင်းရန် လှည့်လည်နေစဉ် ကချင်လွတ်လပ်ရေးအဖွဲ့(KIA)မှ ထောင်ထားသော မိုင်းအား နင်းမိပြီး ပေါက်ကွဲခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးခေါယိန်းဆိုသူ၏ ယာလက်နှင့် ခြေသလုံးတို့တွင်  မိုင်းများထိမှန်ခဲ့ကာ လက်ရှိတွင် ချီဖွေမြို့ပြည်သူ့ ဆေးရုံသို့ပို့ဆောင် ဆေးကုသပေးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly