ဖိလစ်ပိုင် မီးတောင်မှ ချော်ရည်ပူများ စိမ့်ထွက်လာပြီးနောက် အနီးအနားနေ ဒေသခံ ၁၂,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့

ဖိလစ်ပိုင် မီးတောင်မှ ချော်ရည်ပူများ စိမ့်ထွက်လာပြီးနောက် အနီးအနားနေ ဒေသခံ ၁၂,၀၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့

 

 

ဇန်နဝါရီ ၁၅ ။             ။ ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်းရှိ မေယွန်မီးတောင် လှုပ်ရှားနေလျက်ရှိပြီး ယခုအခါ ချော်ရည်ပူများ စိမ့်ထွက်လာခဲ့ပြီးနောက် အနီးအနားနေ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ချက်ချင်း ပြောင်းရွှေ့နေရလျက်ရှိကြောင်း သိရသည်။

ယခုအခါ အဆိုပါမီးတောင်ရှင်မှာ အန္တရာယ်ရှိသည့် အနေအထားဖြစ်နေပြီ ဖြစ်ကြောင်း မီးတောင်လေ့လာရေး ပညာရှင်များကလည်းကလည်း ထုတ်ပြန်သတိပေးထားသည်။

မီးတောင်သည် မနီလာမြို့မှ ကီလိုမီတာ ၃၅၀ ခန့်အကွာ နိုင်ငံအရှေ့တောင်ပိုင်း လူဇွန်ကျွန်းပေါ်တွင် တည်ရှိသည်။

ယင်းမီးတောင်မှာ တိတ်တဆိတ် ပေါက်ကွဲနေပြီဟုပင် ဆိုလို့ရနေပြီ ဖြစ်ကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း အန္တရာယ် ဖြစ်စေလောက်သည့် ပေါက်ကွဲမှုကြီးတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ယခုအခါ မေယွန်မီးတောင် ပေါက်ဝကနေ ချော်ရည်ပူများ စတင် စီးထွက်လာနေပြီ ဖြစ်ကာ မီးတောင်မှ ပြာများ ပန်းထွက်နေသည်ကိုလည်း မြင်တွေ့ရလျက်ရှိကြောင်း နိုင်ငံ၏ မီးတောင် လေ့လာရေးအဖွဲ့အစည်းက ထုတ်ပြန်သည်။

မီးတောင်အနီး ခုနစ် ကီလိုမီတာ ပတ်လည်ကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး ယင်းဇုန်အတွင်းမှ လူ ၁၂,၀၀၀ ကျော်ကို ချက်ချင်းထွက်ခွာရန် ညွှန်ကြားထားရသည်။ မကြာမီ အချိန်ကာလတစ်ခုအတွင်း အန္တရာယ်ရှိသည့် ချော်ရည်စီးဆင်းမှု၊ အဆိပ်အတောက်ရှိ တိမ်တိုက်များ ဖြစ်ပေါ်မှုတို့ ကြုံလာရနိုင်သည်ဟု သတိပေးထားသည်။

" နည်းပညာအရ ပြောရရင် မီးတောင်က ပေါက်ကွဲနေပြီလို့တောင် ပြောလို့ရနေပါပြီ၊ ဒါပေမယ့် ခုက ငြိမ်ငြိမ်တိတ်တိတ် ပေါက်ကွဲနေတာဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ရက်ပိုင်းအတွင်း ဒါဟာ အန္တရာယ် များတဲ့ ပေါက်ကွဲမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်" ဟု ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဆိုင်ရာ လေ့လာရေးဌာနမှ ကျွမ်းကျင်ပညာရှင် ပေါလ် အလက်နစ်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly