တိုင်ဖွန်းဂိုနီ ဖိလစ်ပိုင်မြောက်ပိုင်းကို ၀င်တိုက်၊ ထိုင်ဝမ်၊ တရုတ်နှင့် ဂျပန်တို့တွင် တပ်လှန့်နိုးဆော်

တိုင်ဖွန်းဂိုနီ ဖိလစ်ပိုင်မြောက်ပိုင်းကို ၀င်တိုက်၊ ထိုင်ဝမ်၊ တရုတ်နှင့် ဂျပန်တို့တွင် တပ်လှန့်နိုးဆော်

မနီလာ၊ သြဂုတ် ၂၂ ။         ။ အားပြင်းသော တိုင်ဖွန်းမုန်တိုင်း ဂိုနီသည် ဖိလစ်ပိုင်မြောက်ပိုင်းသို့ သည်းထန်သော မိုးရွာသွန်းမှုနှင့်အတူ ဝင်ရောက်ခဲ့ရာ မြေပြိုခြင်း၊ ရေကြီးခြင်းတို့ကြောင့် လူထောင်ပေါင်း များစွာမှာ မြင့်သောနေရာသို့ ထွက်ပြေးကြစဉ် လူခုနှစ်ဦးသေဆုံးခဲ့သည်ဟု အရာရှိများက သြဂုတ် ၂၂တွင် ပြောကြားခဲ့သည်။

မြောက်ပိုင်းရှိ မြေမြင့်ဒေသများဖြစ်သော မောင်တိန်ပြည်နယ်နှင့် ဘင်ဂူအက်ဒေသတွင် ကျောက်များနှင့် ရွှံ့များပိကာ လူ ခြောက်ဦးသေဆုံးခဲ့သည်။ အနီးရှိ အီလ်ကို့စ်နော်တေပြည်နယ်တွင်လည်း သစ်ပင်ပိ ၍ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု အမျိုးသားကပ်ဘေးကောင်စီ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ရေကြီးရေလျှံသည့်ဒေသများတွင်လည်း လူ ငါးဦးဒဏ်ရာရကာ လူနှစ်ဦးမှာပျောက်ဆုံးလျက် ရှိသည်။ အကြမ်းဖျင်းအားဖြင့် လူ ၁,၇၀၀မကို သြဂုတ် ၂၂က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

တိုင်ဖွန်းဂိုနီသည် သြဂုတ် ၂၂ရက် နံနက်က မြောက်ပိုင်းရှိ ကာဂါယန်ပြည်နယ်၏ အရှေ့မြောက်ဘက် ၁၆၅ကီလိုမီတာတွင် ရှိနေခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျင် ၁၉၅ကီလိုမီတာ အထိရှိသည် ဟုနိုင်ငံတော် မိုးလေဝသဗျူရိုက ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းရှိ အက်ဘရာပြည်နယ်တွင်လည်း နှစ်ရက်ဆက်တိုက် မိုးသည်းထန်မှုကြောင့် အဓိကမြစ်ကြီးမှာ ရေများပြည့်လျှံခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ယူစတာကီယိုဘာဆာမင် ကပြောသည်။

တစ်နှစ်လျင် ဖိလစ်ပိုင်သို့ ပျမ်းမျှမုန်တိုင်း ၂၀ခန့်တိုက်ခတ်လေ့ရှိရာ ယခုမုန်တိုင်းမှာ နဝမမြောက်ဖြစ်ပြီး ယခုအခါထိုင်ဝမ်သို့ ဦးတည်နေသည်ဟု မိုးလေဝသဗျူရို ကပြောသည်။

ထိုင်ဝမ်တွင်လည်း ယခုသီတင်းပတ်ကုန်တွင် သည်းထန်သည့်မိုးများရွာနိုင်သည့်အတွက် ကြိုတင်သတိပေးချက်များထုတ်ပြန်ထားရပြီး ကပ်ဘေးကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင်များကို တပ်လှန့်ထား သည့်အပြင် အစွန်အဖျားကျွန်းများမှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားသည်။

ဂျပန်တွင် ဂိုနီအပြင် နောက်ထပ်အားကောင်းသောတိုင်ဖွန်း အက်ဆာနီကလည်း ချဉ်းကပ်လာနေရာ လေကြောင်းခရီးစဉ်များရွှေ့ဆိုင်းခြင်း၊ဖျက်သိမ်းခြင်းတို့ပြုလုပ်နေရသည်။ အက်ဆာနီသည် တိုကျို ၏တောင်ဘက်ကီလိုမီတာ ၁,၀၀၀အကွာခန့်ရှိ အိုဂါဆာဝါရာကျွန်းစုသို့ သြဂုတ် ၂၂ တွင် ချဉ်းကပ်မည်ဟုမျှော်လင့်ရသည်။လေတိုက်နှုန်းမှာ ၂၅၂ကီလိုမီတာရှိမည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ဂိုနီမှာ သြဂုတ်၂၃တွင် တောင်ပိုင်းရှိ ဆာကီရှီးမားကျွန်းသို့ချဉ်းကပ်မည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly