ဒုက္ခသည်များကို ပြန်လက်ခံရေး မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစီစဉ်အသေးစိတ် ဆွေးနွေးနေ

ဒုက္ခသည်များကို ပြန်လက်ခံရေး မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစီစဉ်အသေးစိတ် ဆွေးနွေးနေ
ဓာတ်ပုံ-မင်းမင်း

 

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ။          ။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသည့် ဒုက္ခသည်သူများကို ပြန်လည်လက်ခံရေး အစီအစဉ်အသေးစိတ်ကို မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများ အချင်းချင်း ညှိနှိုင်းနေကြကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

 “ အမြဲတမ်းအတွင်းဝန်တို့ ညွှန်ချုပ်တို့ သူတို့နှစ်ဘက်ညှိနှိုင်းနေတာ ဟိုဘက်ဒီဘက် Joint Working Group ( ပူးတွဲဆောင်ရွက်ရေးအဖွဲ့) ဆိုတာရှိတယ်။ ပူးတွဲဆောင်ရွက်ရေးအဖွဲ့ က မနေ့တုန်းက အကြိုညှိနှိုင်းတယ်။ ဒီနေ့အတည် ညှိနှိုင်းကြတယ်။ ဒါမနက်ကတည်းက လုပ်နေတယ်။ ညှိနှိုင်းပြီးမှ ထွက်ပေါ်လာမှာပေါ့နော်။ ဘယ်နှစ်ယောက်လက်ခံမယ်တို့၊ ဘယ်လို၊ ဘာဖြစ်တယ်တို့ “  ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

နေပြည်တော်တွင် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) ပြုလုပ်နေသည့် အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊  အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီဌာနတို့အပြင် ပညာရေးဝန်ကြီးဌာန၊ ကျန်မာရေး ဝန်ကြီးဌာနတို့ မှ နှစ်နိုင်ငံ သက်ဆိုင်ရာ အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် တို့ပါဝင်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံဘက်မှ အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် Shahidul Haque ကဦးဆောင်ဆွေးနွေးခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒုတိယဥက္ကဋ္ဌ  အဖြစ်တာဝန်ယူထားသည့် “ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအ ထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း  “ (UEHRD) အနေဖြင့် ပြန်လည်လက်ခံလာတဲ့သူများကို နေရာချထားပေးရန်၊ လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးရန်တို့သာ   ဆောင်ရွက်ရခြင်းဖြစ်ပြီး   ပြန်လာသူများကို စီစစ်ရန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်နဝါရီ ၂၂ ၊ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ် ဘက်မှ ပြန်လာမည့်သူများအား မောင်တော မြို့နယ်၊ တောင်ပြိုလက်ဝဲနှင့် ငါးခူရ ကျေးရွာတို့တွင် ပြန်လည် လက်ခံရေးဂိတ်များ ဖွင့်လှစ်လက်ခံသွားတော့မည် ဖြစ်သည်။

သို့သော်လည်း မပြီးပြတ်သေးသည့် ကိစ္စများရှိနေသည့်အတွက် ပထမအသုတ်အနေဖြင့်  ပြန်လည်လက်ခံမည့်ကိစ္စကို တိတိကျကျ မသိရှိရသေးပေ။

ရခိုင်ပြည်နယ်အတွင်း တပြန်ကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု ARSA အဖွဲ့ က ဇန်နဝါရီလ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားပြီး ဇန်နဝါရီလ ၅ ရက်နေ့က မောင်တော မြို့နယ် တရိန်ကျေးရွာအနီး တိုက်ခိုက်မှုသည် ARSA အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းတို့က ပြောဆိုထားသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် တကျော့ပြန် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဂယက်များကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသည့် အရေအတွက်ကို သိန်းနှင့် ချီသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော်လည်း မြန်မာအစိုးရဘက်မှ အတိအကျ မထုတ်ပြန်ထားသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly