တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တိမ်းရှောင်

တပ်မတော်နှင့် TNLA စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တိမ်းရှောင်
ဓာတ်ပုံ- ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၅ ။           ။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကြူဆော့ကျေးရွာအုပ်စုရှိ လွယ်စပိကျေးရွာအနီး၌ တပ်မတော်နှင့် တအာဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့(TNLA) အကြား စစ်ရေးတင်းမာမှုများ ရှိနေခြင်းကြောင့် ရွာသားများသည် နမ္မတူမြို့ပေါ်သို့ ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ရှောင်ထွက်ပြေးခဲ့သည်ဟု သိရသည်။

ယင်း လွယ်စပိကျေးရွာတွင် လီဆူတိုင်းရင်းသားများ နေထိုင်ကြခြင်းဖြစ်သည်။ အိမ်ထောင်စု ၁၈ စု လူဦးရေ ၉၈ ယောက် စစ်ရှောင်လာခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ လီဆူဒုက္ခသည်စခန်းတွင် နေရာချထားပေးသည်ဟု  စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ဆန်းမြင့်က ဆိုသည်။

"သူတို့လိုအပ်တာ စားနပ်ရိက္ခာ၊ ရာသီဥတုက အေးတော့ စောင်တွေလိုတယ်၊ မြို့နယ်က ထောက်ပံ့တာတွေရှိနေပေမယ့် ရက်တိုက အဆင်ပြေတယ်လေ၊ ရက်ရှည်လာရင်တော့ အခက်အခဲရှိနိုင်တယ်" ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။

နမ္မတူမြို့ပေါ်ရှိ လီဆူဒုက္ခသည်စခန်းတွင် ယခင်က လူဦးရေ ၁၂၅ ယောက် ရှိနေပြီး  ထပ်မံရောက်ရှိလာသူများကြောင့် လက်ရှိအချိန်တွင် လူဦးရေ ၂၅၀ ခန့် ရှိနေသည်။

"ရွာပတ်ဝန်းကျင်မှာ လက်နက်ကိုင်အဖွဲ့တွေ ရောက်နေတယ်။ မိုင်းတွေလည်း ထောင်ထားတယ်။ အဲ့ကြောင့် ရွာမှာ မနေရဲလို့ ထွက်ပြေးလာတာလို့ စစ်ရှောင်လာတဲ့သူတွေက ပြောတယ်" ဟု ဦးအောင်ဆန်းမြင့်က ဆိုသည်။

တပ်မတော်နှင့် TNLA အကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခြင်းကြောင့် စစ်ဘေးရှောင် ဒုက္ခသည်လူဦးရေသည် ရှမ်းပြည်မြောက်ပိုင်းတွင် ပိုမိုများပြားလာနေခဲ့သည်။

 ရှမ်းပြည် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်မဲနှင့် နမ့်ဆန့်မြို့နယ်များမှ လူဦးရေ ၁၂၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA Myanmar က ဇန်နဝါရီလ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly