ဝေးလ်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာတော့မည့် ရွိုင်ယန်ဂစ်

ဝေးလ်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာတော့မည့် ရွိုင်ယန်ဂစ်

 

ဇန်နဝါရီ ၁၅၊ ဝေးလ် ။              ။ မန်ယူဘောလုံးသမားဟောင်း ရွိုင်ယန်ဂစ်သည် ဝေးလ်လက်ရွေးစင်အသင်းနည်းပြရာထူးကို ရယူရန် ဝေးလ်ဘောလုံးအဖွဲ့ချုပ်နှင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။

ဝေးလ်ဘောလုံးအဖွဲ့ချုပ်သည် ဂစ်ကို ၄ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ယနေ့ဇန်နဝါရီ ၁၅ ရက်တွင် တရားဝင်ကြေညာမည် ဖြစ်သည်။

ဂစ်မှာ ၂၀၁၃-၁၄ ရာသီက မန်ယူအသင်းမှ နည်းပြဒေးဗစ်မိုယက်စ်ထုတ်ပယ်ခံရပြီးနောက် မန်ယူနည်းပြအဖြစ် နောက်ဆုံးရာသီလက်ကျန် ၄ ပွဲသာ နည်းပြဖူးသူဖြစ်သည်။ နည်းပြဗန်ဟားလ်လက်ထက်တွင် မန်ယူအသင်း၏လက်ထောက်နည်းပြအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း အသင်းကြီး တစ်သင်းကိုမှ နည်းပြဖူးသည့် အတွေ့အကြုံမရှိသူလည်း ဖြစ်သည်။

ထို့အပြင် ၂၀၁၆ ခုနှစ်က မန်ယူအသင်းကို နည်းပြမော်ရင်ဟိုရောက်လာပြီးနောက်တွင် ဂစ်မှာ ဘောလုံးလောကနှင့်ဝေးကွာနေခဲ့သူလည်း ဖြစ်သည်။

ယခင်ဝေးလ်နည်းပြ ခရစ္စကိုးလ်မန်းမှာ ဝေးလ်အသင်းကို ယူရို ၂၀၁၆ တွင် ဆီမီးဖိုင်နယ်အထိပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်သည့်အတွက် ရာထူးမှ   နုတ်ထွက်သွားခဲ့သည်။ ကိုးလ်မန်းမှာ လက်ရှိတွင်ဆန်းဒါးလန်းအသင်းကို နည်းပြနေပြီး ဝေးလ်အသင်းမှာမူ ယခုအချိန်အထိ နည်းပြလက်မဲ့ဖြစ်နေရသည်။

ရည်ညွှန်း စကိုင်းစပို့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly