ပီရူး၌ ပြင်းအား ရ.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီး လူ ၂ ဦးခန့်သေဆုံး

ပီရူး၌ ပြင်းအား ရ.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီး လူ ၂ ဦးခန့်သေဆုံး

 

လီမာ၊ ပီရူး၊ ဇန်နဝါရီ ၁၅ ။          ။ ပီရူးနိုင်ငံတောင်ပိုင်းတွင် တနင်္ဂနွေနေ့က ပြင်းအား ၇.၃ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ ၂ဦး ထက်မနည်း သေဆုံးခဲ့ကာ ၆၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံမှတာဝန်ရှိသူများက ဆိုခဲ့သည်။

ငလျင်သည် ပီရူးနိုင်ငံ၏ကမ်းရိုးတန်းဒေသတွင် ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုဒေသမှ ရွှံ့စေးအိမ်များ ပြိုကျ ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ဆိုခဲ့သည်။  

အဆိုပါငလျင်သည် အာရီကွီပါဒေသတွင်းရှိ အာကာရီပင်လယ်ဆိပ်ကမ်းမြို့မှ ၁၉ မိုင်ခန့်ကွာဝေးသော ပစိဖိတ် အရပ်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒ   လေ့လာဆန်းစစ်မှုအဖွဲ့က ပြောခဲ့သည်။

“အာရီကွီပါဒေသတွင်းမှ လူ ၂ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းရရှိ ထားပါတယ်” ဟု ဗိုလ်ချုပ်ကြီး ဂျော်ဂျီချာဗက်ဇ်က ပြောခဲ့သည်။

ငလျင်လှုပ်ခတ်ခဲ့သောဒေသမှ ပြည်သူများအား ရွက်ဖျင်တဲများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးရန် စစ်လေယာဉ်များကို စေလွှတ်ထားသည်ဟု ချာဗက်ဇ်က ဆိုခဲ့သည်။

ပီရူးသမ္မတ ပီဒရိုပတ်ဘလိုကူဇင်စကီးသည် ငလျင်လှုပ်ခတ်ခဲ့သောဒေသသို့ သွားရောက်ခဲ့ပြီး ပြိုကျပျက်စီး သွားသော ရွှံ့စေးအိမ်များနှင့် သေဆုံးသွားသူနှစ်ဦးကို ထောက်ပံ့ပေးမည်ဟု သတင်းထောက်များအား ပြောခဲ့ သည်။

ပီရူးနိုင်ငံရှိ နေအိမ်ပေါင်း ၃.၆ သန်းခန့်သည် ရွှံ့စေး၊ မြေကြီး၊ ကျောက်တုံး၊ သစ်သားတို့နှင့် ဆောက်လုပ်ထား ခြင်းဖြစ်ပြီး ယင်းနေအိမ်များသည် ငလျင်ဒဏ်ကို ခုခံနိုင်စွမ်းမရှိကြောင်း အစိုးရမှထုတ်ပြန်သော စာရင်းဇယား များအရ သိရသည်။

ကမ်းရိုးတန်းဒေသအနီး၌ လှုပ်ခတ်သွားခဲ့သော အဆိုပါငလျင်ကြောင့် ဆူနာမီအန္တရာယ်ဖြစ်ပေါ်လာနိုင်ကြောင်း ပီရူးရေတပ်နှင့် ပစိဖိတ်ဆူနာမီသတိပေးစင်တာမှ သတိပေးချက်ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly