ခရီးသည် ဆရာမတစ်ဦးအား ရိုင်းပျစွာပြောဆိုခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်အား အရေးယူထား

ခရီးသည် ဆရာမတစ်ဦးအား ရိုင်းပျစွာပြောဆိုခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်အား အရေးယူထား
ဓာတ်ပုံ-ဒေါ်သူဇာတင်ဝင်း

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။            ။ YBS ၉၂ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက အထက်တန်းပြဆရာမတစ်ဦးအား ရိုင်းပျစွာပြောဆိုခဲ့မှုအား ယနေ့ ဇန်နဝါရီလ ၁၄ ရက်တွင် ယာဉ်ပြေးဆွဲမှုရပ်တန့်ခိုင်းခဲ့ပြီး ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းဖြစ်ရပ်ကို YBS ၏ စီအီးအိုဖြစ်သူ ဦးစောဘိုဘိုက အဆိုပါ ဘတ်စ်ကားနှင့် ယာဉ်မောင်းအား အရေးယူမည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ အ.ထ.က(၂) တောင်ဥက္ကလာပမြို့နယ်မှ အထက်တန်းပြဆရာမ ဒေါ်သူဇာတင်ဝင်းက ပြောသည်။

ခေါင်းခန်းထိုင်ခုံတွင် ထိုင်နေသည့် ခရီးသည်ဆရာမအား ရိုင်းပျစွာပြောဆိုနှောက်ယှက်ခဲ့ပြီး ယာဉ်စီးခကိုပါ ပိုမိုတောင်းခံခဲ့ခြင်းကို ကြုံတွေခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။  

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ်အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမကြီး ပေါ်ရှိ နီလာမှတ်တိုင်မှ YBS(၉၂) ယာဉ်နံပါတ် 4 H(1568) ပေါ်လိုက်ပါစီးနင်းခဲ့ပြီး ယာဉ်ပေါ်တက်စဉ်က ခရီးစဉ်အပိုင်းအခြားလိုက် ကောက်ခံမည့်စာရင်းဖော်ပြထားသည့်အတိုင်းမဟုတ်ဘဲ ယာဉ်စီးခကို ၂၀၀ တန်ခရီးအား ၃၀၀ ကောက်ခံခဲ့သော်လည်း  ကျပ် ၂၀၀ သာ ပေးခဲ့ကြောင်း၊ ခေါင်းခန်းရှိ ထိုင်ခုံအလွတ်အား ထိုင်ရာ၌ ဘုန်းကြီးမပါသော်လည်း ဘုန်းကြီးခုံံဖြစ်ကြောင်း ထိုင်၍မရကြောင်း ၃ကြိမ်ပြောဆိုခဲ့သည်ဟု သိရသည်။ ဒေါ်သူဇာတင်ဝင်း ဖုန်းပြောဆိုသည့်အခါတွင်လည်း  ဆဲဆိုမှုများ၊ ရိုင်းပျပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"စံပြဈေးနားရောက်တော့ ဆင်းမယ်လည်းလုပ်ရော ခုံဒီလောက်မက်တာခုံယူသွားပါလားတဲ့ လက်သန်းတွေကို မှင်စွန်းထားတာလေတဲ့ ။ နင်တို့ လုပ်ချင်တာလုပ်လို့ရအောင် ။ ဘာညာ ။ အဲဒါတွေလည်းပြောနေတယ်။ အဲဒါနဲ့ ကိုယ်လည်း ခုံပေါ်ကနေဆင်းလိုက်ပြီးတော့ နင် အရမ်းတရားလွန်နေပြီလို့ ၊ ငါ တစ်လမ်းလုံး သည်းညည်းခံလာ တယ်။ အဲဒီမှာ အကျယ်ကြီးပဲ အစ်မလည်းပြောခဲ့တယ် ။ အဲ့လိုပြောခဲ့ပြီးဆင်းခဲ့တယ်"ဟု အထက်တန်းပြဆရာမ ဒေါ်သူဇာတင်ဝင်းက ပြောသည်။
YBS စနစ်ကို စပယ်ယာများမရှိတော့ခြင်း၊ အပြောဆိုမခံရခြင်း၊ အဆင့်တန်းရှိရှိ ပိုက်ဆံထည့်ကာ ထိုင်စီးနိုင်ခြင်း တို့ကြောင့် ကြိုက်နှစ်သက်ခဲ့ပြီး ကားအဟောင်းများရှိလူများမှာ ပြောဆိုဆက်ဆံရေးအဆင်မပြေခြင်း၊ စပယ်ယာ ပါရှိခြင်းတို့ ရှိနေသေးသည်ဟု ဒေါ်သူဇာတင်ဝင်းက ဆိုသည်။

အမျိုးသမီးများအနေဖြင့် ထိုကဲ့သို့အခြေအနေများကြုံလာပါက "တိုင်သင့်တယ် သူတို့ရှေ့မှာတော့ သွားမပြောနဲ့ပေါ့နော် ။ မထိရောက်ဘဲနဲ့တော့ ရန်မဖြစ်နဲ့တော့ ။ သူကရိုင်းလို့ကိုယ့်ကိုအန္တရာယ်ပြုမယ်ဆိုရင် ကိုယ်ပဲ အန္တရာယ်ဖြစ်မှာလေ အဲဒီတော့ကိုယ့်အမျက်ကို ကိုယ့်ဒေါသကိုယ်သိမ်းထားပြီးတော့ သူတို့ရဲ့ အချက်အလက် ဓာတ်ပုံရိုက်လို့ရမယ်ဆိုရင်ရိုက် ကားနံပါတ်တွေဘာတွေမှတ်၊ ပြီးတော့ ထိထိရောက်ရောက် တိုင်၊ ငြိမ်ခံနေလို့တော့မဖြစ်ဘူး"ဟု ဒေါ်သူဇာတင်ဝင်းက အကြံပြုပြောဆိုသည်။

လက်ရှိတွင် ဆရာမ ဒေါ်သူဇာတင်ဝင်းအနေဖြင့် လာမည့် ဇန်နဝါရီ ၁၅ရက်နေ့ ရုံးဖွင့်ရက်၌ အဆိုပါကိစ္စရပ်ကို တရားဝင် တိုင်ကြားသွားမည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly