ပဋိပက္ခဒေသမှာ ယုံကြည်မှုတွေ ပွင့်လန်းလာနိုင်ပြီလား

ပဋိပက္ခဒေသမှာ ယုံကြည်မှုတွေ ပွင့်လန်းလာနိုင်ပြီလား

မောင်တော၊ ဇန်နဝါရီ ၁၄ ။            ။ အနက်ရောင်ဝတ်ရုံနဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ထီးကို ခပ်ငိုက်ငိုက်ဆောင်းရင်း နေပူထဲ လမ်းလျှောက်လာပါတယ်။ သူက ဘေးက ဖြတ်အသွားမှာ ဘယ်သူဘယ်ဝါဆိုတာ ဝေ့ကြည့်ရင်း ဖျတ်ခနဲ တစ်ချက် ပြုံးပြပါတယ်။ ဒုက္ခသည်စခန်းမှာလည်း ယုံကြည်မှုတွေကတဆင့် အပြုံးတွေ ပွင့်နိုင်သေးတာပါပဲ။ တကယ်လို့ သင် အလိုရှိရင်ပေါ့။

သက္ကယ်ပြင်ဆိုတာ ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော် စစ်တွေအနီးမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ဖြစ်ပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် တိမ်းရှောင်လာသူတွေကို ထားရှိတဲ့စခန်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဖွင့်တာ ၅ နှစ်ခန့် ရှိပြီ ဖြစ်တဲ့ ဒီစခန်းက ရွာကြီး တစ်ရွာအလား စည်ကားစ ပြုနေပါပြီ။ လမ်းတွေပေါ်မှာ သွားလာနေကြတဲ့ လူတွေ၊ စက်ဘီး၊ ဆိုင်ကယ်တွေ၊ ကလေးတွေ၊ လူကြီးတွေ၊ တခါတလေ သိုးတွေ၊ ဆိတ်တွေ ပါလာတတ် ပါသေးတယ်။ စိုက်ခင်းတွေ၊ ကျောင်းတွေ၊ NGO အဖွဲ့အစည်းတွေက ဖွင့်လှစ်ထားတဲ့ အဆောက်အဦတွေက နေရောင်အောက်မှာ အပြိုင်းအရိုင်းပါပဲ။ အားလုံးထဲ တူညီတာကတော့ သူတို့အပေါ် ဘယ်လိုတုံ့ပြန်မလဲလို့ စောင့်ဆိုင်းနေတဲ့ မျက်နှာတွေပါပဲ။

“ တစ်ချို့က ဂုဏ်ထူးတွေ ပါထားတယ်။ ၂ဘာသာပါတယ်။ ၁ ဘာသာပါတယ်။ အစောပိုင်းကဆိုရင် ၃ ဘာသာ အထိ ပါခဲ့တယ်” လို့ သက္ကယ်ပြင်စခန်းမှ ကိုတင်ဇော်ထွေးက ပြောပါတယ်။ ဆယ်တန်းအောင်မြင်သူတွေကို တက္ကသိုလ်အဝေးသင် တက်ရောက် ခွင့် ပြုထားတယ်လို့ ပြောပေမယ့် တက္ကသိုလ်ပြီးတဲ့အခါ ဒီသက္ကယ်ပြင် စခန်းကိုပဲ သူတို့ ပြန်လာကြရပါတယ်။

Save the Children က ဦးစီးဖွင့်လှစ်ထားတဲ့ အခြေခံပညာမူလတန်းဆင့်စာသင်ကျောင်း( Basic Education Primary Level Teaching School) တွေကိုလည်း တွေ့နိုင်သလို အဖြူအစိမ်းနဲ့ အခြေခံပညာကျောင်း တက်ရောက်နေသူတွေလည်း သက္ကယ်ပြင်စခန်းမှာ ရှိပါတယ်။

NRC ဆိုတဲ့ နော်ဝေအထောက်အပံ့ရုံးတစ်ခုမှာ လုပ်ကိုင်တဲ့ ကိုတင်ဇော်ထွေးက “အမျိုးသမီးနဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးစောင့်ရှောက်ဖို့ပေါ့။ နောက် အဆောက်အအုံတွေပေါ့။ ဘယ်ဟာက ပျက်စီးနေတယ်၊ ဘယ်ဟာက ဘာဖြစ်တယ်ပေါ့” လို့ သူ လုပ်ကိုင်ရတဲ့ အလုပ်ကို ပြောပါတယ်။

စစ်တွေမြို့ပေါ်မှာနေအိမ်ပိုင်ဆိုင်ဖူးခဲ့တဲ့သူက “ စစ်တွေကတော့ မရောက်တာတော့ ၆ လ လောက် ရှိပါပြီ။ ကိုယ့်မိတ်ဆွေတွေက ခေါ်တယ်။ ခဏ လည်ရင်းပတ်ရင်းပေါ့။ အိမ်တော့ရှိတယ်။ သွားတော့ကြည့်ပါတယ်။ အခုက ပုံစံတွေတော့ နည်းနည်း ပြောင်းနေပြီပေါ့။ မြေကွက်ကြီးပဲ ကျန်ခဲ့တယ်။ နေရာကတော့ ပြန်လိုချင်တာပေါ့။ ” လို့ စစ်တွေကနေ ဒုက္ခသည်စခန်းရောက်လာတဲ့ ကိုတင်ဇော်ထွေးက ပြောပါတယ်။

သက္ကယ်ပြင်စခန်းကလူတွေ ကျန်းမာရေး၊ လူမှုရေးကိစ္စများရှိပါက ရဲအစောင့်အရှောက်နဲ့ ပြင်ပကို သွားခွင့်ပြုတယ်လို့ ဆိုပါတယ်။ ဒီစခန်းကို ရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ရွှေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူးလို့ ဆိုပါတယ်။

“ သက္ကယ်ပြင်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီး သေသေချာချာဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ကျွန်တော်တို့ တစ်ကြိမ်ပဲ ဆွေးနွေးရပါသေးတယ်။ ဟိုတလောက ဒေါက်တာဝင်းမြတ်အေးတို့၊ ဒေါက်တာ အောင်ထွန်းသက်တို့ လာတဲ့အခါမှာ သက္ကယ်ပြင်က ခေါင်းဆောင်ပိုင်းတွေ၊ အောင်မင်္ဂလာက ခေါင်းဆောင်ပိုင်းတွေ၊ တွေ့ပြီးညှိတဲ့အခါကြတော့ တိုတိုပြောရရင် သူတို့ ၅ နှစ် ၊ ၆ နှစ်ထဲ ရောက်လာပြီ။ နေလာခဲ့တဲ့အနေအထားကနေပြီးတော့ သူတို့အတွက် ပိုပြီးကောင်းမွန်တဲ့ အနေအထားမျိုး ဖြစ်အောင် ၊ ဒီလို IDP တဲတန်းလျားတွေမှာ နေတာထက် ပိုပြီးကောင်းတဲ့ အနေအထားမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးချင်တယ် ဆိုတာမျိုး သူတို့နဲ့ ညှိပါတယ်။ ဥပမာ ဆိုပါစို့။ သူတို့ကို လုံးချင်းလိုဟာမျိုး ကျွန်တော်တို့  လုပ်ပေးမယ်။ ဒါမှမဟုတ် အထပ်မြင့်လိုနေရာမျိုး ကျွန်တော်တို့ လုပ်ပေးမယ်။ ဒါမှမဟုတ် သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ကိုက်ညီမယ့်နေရာမျိုးမှာ နေရာဖန်တီးပေးမယ် စသည်အားဖြင့်ပေါ့။ အဲလို အချက်အလက်တွေ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အဆင့်ပဲရှိပါသေးတယ်။ သူတို့ကို ဖျက်မယ်၊ မဖျက်ဘူး၊ ရွှေ့မယ်၊ မရွှေ့ဘူး။ ဘယ်လိုလုပ်မယ်၊ ဘယ်လိုထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုမှ မချရသေးပါဘူး” လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီလ ၁၀ ရက်က ပြောထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ကြိုဆိုပါတယ်။ ပဋိပက္ခတွေ၊ တိုက်ခိုက်မှု ဖြစ်စဉ်တွေအကြောင်း ပြောရင် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောဆိုတဲ့ နာမည် ၃ ခုကတော့ မဖြစ်မနေ ထည့်ပြောရတာပါပဲ။ မဇ္ဈိမက ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အစီအစဉ်နဲ့ ဇန်နဝါရီလ ပထမပတ်မှာ သတင်းယူဖို့ ရောက်ခဲ့ပါတယ်။

မောင်တောကို သွားလာတဲ့ တောက်လျှောက် လမ်းဘေးတစ်ဖက်တစ်ချက်က မီးလောင်ပြင်တွေကတော့ သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုဖြစ်ပြီးကတည်းက ခုထိ အနေအထား မပျက်သေးတာပါပဲ။ မီးလောင်နေအိမ် တိုင်ငုတ်တွေ၊ ကားမီးလောင်ထားတာတွေ၊ သွပ်မိုးတွေပဲ ကျန်တာတွေ၊ ဟာလာဟင်းလင်းဖြစ်နေတဲ့အိမ်တွေ၊ ဒါတွေက ၄ လကျော် ကြာမြင့်သည့်တိုင်အောင် ကျန်ရှိနေဆဲပါပဲ။ နေရာတိုင်းလိုလိုမှာတွေ့ရတာကတော့ မီးလောင်ထားတဲ့ သံသေတ္တာအခွံတွေပါ။

တခြားဒေသနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ဘေးတစ်ဖက်မှာ မေယုတောင်နှင့် အခြားဘက်မှာ လယ်ကွင်း တွေ၊ လယ်ကွင်းတွေရဲ့ အဆုံးမှာ ပင်လယ်ကမ်းစပ်က အနားသတ်ထားတာပါပဲ။ ဘယ်ဒေသမှာမှ မမြင်နိုင်ရတဲ့ ရှုခင်းတွေပါ။ သာယာတဲ့ ကမ်းခြေအမြောက်အမြားကို မောင်တောသွားတဲ့ လမ်းတစ်လျှောက် မြင်နိုင်ပါတယ်။ ဒါပေမယ့် လူသူမရှိ၊ တိတ်ဆိတ်နေတဲ့ မီးလောင်ပြင်တွေထဲကနေ လှမ်းမြင်ရတဲ့ရှုခင်းက အနည်းငယ်တော့ စိတ်ကို တုန်လှုပ်စေမှာပါ။

“ သူတို့က ပြဿနာရှာတယ်ဗျ။ အိမ်တွေကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်။ ပြဿနာဖြစ်ပြီဆိုရင် သူတို့ကပဲ စတာ”  လို့ ရခိုင်အမျိုးသားလူငယ်တစ်ဦးက ပြောပါတယ်။ ပြဿနာတွေကို ဘင်္ဂါလီတွေဘက်မှ စတင်ကြောင်း၊ အေးအေးဆေးဆေးမနေနိုင်သူတွေဖြစ်ကြောင်း အဲဒီ ရခိုင်အမျိုးသားက ပြောပါတယ်။

မောင်တောမြို့ကို စဝင်လိုက်တာနဲ့ လမ်းတွေပေါ်မှာရော၊ ဈေးဆိုင်တွေမှာပါ ဘင်္ဂါလီ အတော်များများကို တွေ့မြင်ရမှာပါ။ ဒါကို မြန်မာနိုင်ငံရဲ့ မြို့တစ်မြို့၊ အချုပ်အခြာပိုင်တဲ့နေရာလို့တောင် သတ်မှတ်ဖို့ ခက်တယ်လို့ ရခိုင်လူမျိုးတစ်ဦးက ဆိုပါတယ်။

မောင်တောမြို့မဈေး၊ ဘဏ်၊ အစိုးရရုံးတွေအပါအဝင် အဆောက်အဦတွေ တွေ့မြင်ရသလို ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ အဆောက်အဦအများအပြားကိုတော့ တွေ့မြင်နိုင်ပါတယ်။ မောင်တောမြို့ထဲကနေ ကညင်ချောင်း ဆိပ်ကမ်းအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်ဘော်ဒါ နယ်စပ်စည်းရိုးအနီးမှာတော့ ဘင်္ဂါလီနေအိမ် အများစုကို တွေ့ရပါတယ်။ ထူးခြားတာတစ်ခုက ဘင်္ဂါလီရွာတွေမှာ ခြံစည်းရိုးတွေ အသေချာကာရံထားတာပဲ ဖြစ်ပါတယ်။

ဝင်တော့မယ့်နေရောင်အောက်မှာ နယ်စပ်ခြံစည်းရိုးဖက်ကနေ ကြည့်ရင် နတ်မြစ်ကို လှမ်းမြင်နေရပါတယ်။ အဲဒီဒေသကမျက်နှာတွေမှာ တူညီတာတစ်ခုကတော့ သူတို့ဟာ အားလုံးနဲ့ မသက်ဆိုင်သလို ဖြစ်နေတာပါပဲ။ ပြည်မကိုလည်း သူတို့မသိ၊ သူတို့ဘာသာ သီးခြားရပ်တည်နေကြတာပါပဲ။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာမယ့်သူတွေကို လာမယ့် ဇန်နဝါရီလ ၂၂၊ ၂၃ မှာ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းတွေကနေ ပြန်လည်လက်ခံသွားဖို့ အစိုးရက ပြင်ဆင်နေပါတယ်။ ဇန်နဝါရီလ ၁၇ ရက်မှာ ဟိန္ဒူဘာသာဝင်တွေ အရင်ဆုံးပြန်လာမယ်လို့ ဟိန္ဒူဘာသာရေးအဖွဲ့တွေဖက်မှ သိရပါတယ်။ ဒီလို ပြန်ဝင်လာမယ့်သူတွေနဲ့ ပတ်သက်ပြီး သဘောထားတွေက မတူညီတာတွေ ရှိနေပါတယ်။

ငါးခူရ ကျေးရွာက ဟိန္ဒူတွေနဲ့ ဘင်္ဂါလီတွေဟာ ပဋိပက္ခဖြစ်စဉ်တွေ ဖြစ်ပွားအပြီးမှာ တစ်ဖက်နဲ့ တစ်ဖက် စကားပြောဆို ဆက်ဆံတာတွေ ရပ်တန့်လိုက်ကြပါတယ်။ ဟိန္ဒူတွေဖက်က သူတို့တွေကို မခေါ်ရဲဘူးလို့ ဆိုပါတယ်။

“ အဲဒီဘက်မှာ အစ်မလည်းရှိတယ်။ ဟာလာလုပ်မယ်ဆိုလို့ ကလေးတွေခေါ်ပြီး ဘင်္ဂလားကို ပြေးသွားတယ်။ ကျွန်မတို့ အမျိုးတွေအားလုံးကို သူတို့က(ဘင်္ဂါလီများ) ဟာလာလုပ်ပစ်လိုက်တာ ” လို့ မောင်တောမြို့နယ်၊ ငါးခူရကျေးရွာနေ ဟိန္ဒူအမျိုးသမီးတစ်ဦးက ဇန်နဝါရီလ ၈ ရက်မှာ ပြောပါတယ်။

အဲဒီကျေးရွာရဲ့ တစ်ဖက်မှာနေထိုင်တဲ့ ဘင်္ဂါလီလူမျိုးများကတော့ သူတို့အနေနဲ့ ဒီရွာမှာ ထွက်မပြေးဘဲ ကျန်နေခဲ့ပေမယ့် ထွက်ပြေးသွားသူတွေ( ဘင်္ဂါလီတွေ) ပြန်ဝင်လာရင် အတူမနေလိုတော့ဘူးလို့ ပြောပါတယ်။ သူတို့က သူငယ်ချင်းတွေပေမယ့် အကြမ်းဖက်သူတွေ ဖြစ်တာကြောင့် အတူမနေချင်ဘူးလို့ ပြောပါတယ်။ သူတို့မျှော်လင့်တာကတော့ NVC ( National Verification Card) ကတ်လို့ ပြောပါတယ်။  ဒီကတ်က နိုင်ငံသားမဖြစ်ပေမယ့် နိုင်ငံတွင်းသွားလာခွင့်ရမှာမို့ သူတို့အနေနဲ့ မျှော်လင့်တယ်လို့ ပြောကြပြီး ကတ်က ၂ နှစ်မှ ၃ နှစ် အချိန်ကြာမြင့်တာကြောင့် ငွေကြေးအခက်အခဲရှိတယ်လို့ သူတို့ဘက်က ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ဘင်္ဂါလီ လူငယ် ၁ ဦးကတော့ မောင်တော၊ ငါးခူရ ရွာမှာပဲ မွေးခဲ့သူဖြစ်ပြီး ဒီရွာပြင်ပကို သွားလာခွင့် ရခဲ့ရင်လည်း မရောက်ဖူးတဲ့အတွက် မသွားတော့ပါဘူးလို့ သူက ပြောပါတယ်။ ဒေသအခြေအနေ အရ လက်ရှိမှာ ငါးခူရကျေးရွာရဲ့ ပြင်ပကို ဘင်္ဂါလီများ သွားလာခွင့် အစိုးရက ပိတ်ပင်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသူတွေကို ပြန်လည် နေရာချထားပေးဖို့ အစိုးရမှ ပြင်ဆင်နေပြီး   နေရာသပ်သပ်စီ ချထားပေးရန် အစီအစဉ်များ ရှိနေကြောင်း တွေ့ရပါတယ်။

ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်း ၊ တို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် တွေ့မြင်ခဲ့ရပြီး အစိုးရအနေဖြင့် ပြန်လည်ဝင်ရောက်လာမဲ့သူတွေထဲက ဟိန္ဒူဘာသာဝင်တွေကို အိုးထိန်း၊ မြို့မအရှေ့၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနဲ့ လေးမိုင်တို့တွင်    နေရာချထားပေးမှာ ဖြစ်ပြီး နေအိမ်တွေ ဆောက်လုပ်နေတယ် လို့ အစိုးရဘက်မှ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံတိုင်းရင်းသားတွေ (မြို၊ သက်၊ မရမာကြီး၊ ခမီ၊ ဒိုင်းနက်) အတွက် သစ်တုံးနား ခွဆုံ (မြို)ရွာ၊ ခုံတိုင်(မြို)ရွာ၊ ဇော်မတက်အုပ်စု၊ ပဒကား ရွာသစ်၊ အောင်စစ်ပြင်အုပ်စု တောင်ပြိုကား လမ်းဘေး၊ ဖော်တီတောင်(မရမာ) မူလကျေးရွာ၊ နံသာတောင်(ရခိုင်) မူလကျေးရွာ၊ သက်တိုင်ညာ (သက်)မူလကျေးရွာ၊ အောင်သပြေရွာ၊ အောက်ပြူးမ နဲ့ ခမောင်းဆိပ်မြို့အနီး လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း တွေ  ဆောက်လုပ်ပေးထားတယ်လို့ သိရပါတယ်။

ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေအတွက် ချထားပေးမယ့်နေရာကို အစိုးရမှ အတိအကျ ထုတ်ပြန်ထား တာ မရှိပေမယ့်လည်း ကျေးရွာတွေမှာ လူနေအိမ် ဆောက်လုပ်ပေးနေတယ်လို့သာ ထုတ်ပြန်ထားပါတယ်။

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD)ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက ပြန်လာမယ့်သူတွေအတွက် နေအိမ်တွေ အသင့်မဖြစ်သေးခင် လှဖိုးခေါင်ဆိုတဲ့ ကြားစခန်းမှာ  ခေတ္တ ထားရှိမှာ ဖြစ်ပါတယ်။

"ကြားစခန်းဆိုတာကတော့ ရက်အနည်းငယ်နေရမယ်။ ဒါမှမဟုတ် လအနည်းငယ် နေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အိမ်တွေဆောက်နေတဲ့ အချိန်အတွင်းပေါ့နော်။ တစ်ချို့နေရာတွေကလည်း မဆောက်ရသေး ဘူး၊ ဒီကာလက ဒီအတိုင်းပဲ ရှိနေမှာ ဆောက်ပြီးသား အဆင်သင့်တော့ ရှိမနေဘူးလေ" ဟု ဒေါက်တာ ဝင်းမြတ်အေးက ဇန်နဝါရီလ ၁၁ ရက်က မဇ္ဈိမသို့ ပြောထားပါတယ်။ ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်စခန်းတွေ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီး အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့တဲ့နောက် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူအမြောက်အမြား ထွက်ပြေးသွားခဲ့ကာ ထွက်ပြေးသွားတဲ့ ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး မည်မျှရှိလဲဆိုတာကို အစိုးရဘက်မှ သတင်းထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

ဘာပဲပြောပါစေ ။ လာမယ့် ဇန်နဝါရီလ ၂၂၊ ၂၃ မှာတော့ နတ်မြစ်ကိုကူးပြီး သံဆူးကြိုးကာဂိတ်စခန်းကနေ သူတို့ပြန်လာကြမှာပါ။ သူတို့တွေ ဘယ်လိုပြန်တည်ဆောက်မလဲ။ လက်ရှိ ရှိနေတဲ့ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုကို ဘယ်လို တည်ဆောက်မလဲ။ သူတို့ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာပါပဲ။ ပြန်ဝင်လာချိန် သူတို့တွေ စိတ်ထဲ ဘာတွေ ရှိနေမလဲဆိုတာကတော့ ဘယ်သူမှ သိနိုင်လိမ့်မယ် မထင်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly