ဟာဝါအီကျွန်း၌ ဒုံးပျံသတိပေးချက် မှားယွင်းစွာထုတ်ပြန်

ဟာဝါအီကျွန်း၌ ဒုံးပျံသတိပေးချက် မှားယွင်းစွာထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄ ။          ။ အမေရိကန်ပြည်ထောင်စု ဟာဝါအီကျွန်းနေ ဒေသခံများထံ စနေနေ့က ဒုံးပျံသတိပေးချက်တစ်ခု ၎င်းတို့၏ မိုဘိုင်းဖုန်းထဲသို့ မှားယွင်းစွာရောက်ရှိခဲ့ပြီး ထိုသတိပေးချက်ထဲ၌ ဟာဝါအီကျွန်းအနေဖြင့် အန္တရာယ်ကြီး တစ်ခုကို ရင်ဆိုင်ရတော့မည်ဟု ဖော်ပြထားကာ နောက်ပိုင်းတွင် ယင်းသတိပေးချက်မှာ မမှန်ကန်ကြောင်း တွေ့ရှိခဲ့ရသည်။

ဟာဝါအီလွှတ်တော်အမတ် ဘရိုင်ယန်စကတ်ချ်က ယင်းသတိပေးချက်ကို ဟာဝါအီမိုးလေဝသဌာနမှ ဝန်ထမ်း တစ်ဦးက မှားယွင်းစွာထုတ်ပြန်မိခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ပြန်လည်ဖြေရှင်းခဲ့သည်။

ထိုသို့မှားယွင်းစွာထုတ်ပြန်ခဲ့ပြီးနောက် သတိပေးချက်ကိုပြန်လည်ပြင်ဆင်ရန် မိနစ် ၄၀ ခန့် အချိန်ကြာမြင့်ခဲ့ပြီး ဟာဝါအီပြည်နယ်အစိုးရ၏ အတည်ပြုချက်ကိုရယူပြီးနောက် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း တူလ်စီ ဂတ်ဘာ့ဒ်က သူမ၏တွစ်တာအကောင့်၌ “မည်သည့်ဒုံးပျံမှ နိုင်ငံထဲကို ဝင်မလာပါဘူး” ဟု ရေးသားခဲ့ကာ ဒေသတွင်းပြည်သူများ၏ စိုးရိမ်စိတ်ကို လျော့ကျစေခဲ့သည်။

“ဟာဝါအီကျွန်းဟာ နျူကလီးယားတိုက်ခိုက်မှုဒဏ်ကို ခံစားရမယ့်အလားအလာတွေရှိနေတာကြောင့် ဒီကျွန်းမှာ နေတဲ့ပြည်သူများဟာလည်း ဒီသတိပေးချက်အပေါ် စိုးရိမ်တကြီးဖြစ်သွားခဲ့တာ ဖြစ်ပါတယ်” ဟု ဂတ်ဘာ့ဒ်က စီအဲန်အဲန်သတင်းဌာနနှင့် အင်တာဗျူးစဉ်တွင် ပြောကြားခဲ့သည်။

“ဒီသတိပေးချက်ကိုရရှိချိန်မှာ ကျနော်ဟာ ကျနော့်ရဲ့ကလေးတွေနဲ့အတူ ရေချိုးခန်းထဲမှာရှိနေတာပါ။ ပြီးတော့ တစ်ချိန်လုံးဘုရားတ နေခဲ့ရပါတယ်” ဟု ဥပဒေပြဌာန်းသူ မတ်လိုပရစ္စတီက ပြောကြားခဲ့ပြီး ယင်းအခြေအနေ တစ်ခုလုံးသည် သူ့ကိုစိတ်ဆိုးဒေါသထွက်စေသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒါ့အပြင် ယူအက်စ်ပစိဖိတ်စစ်တိုင်းဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူးကြီးဒေးဗစ်ဘန်ဟမ်က “ဟာဝါအီ ပြည်နယ်ထဲမှာ မည်သည့်ဒုံးပျံအန္တရာယ်မှ မရှိပါဘူး။ ကနဦးက သတိပေးထုတ်ပြန်ချက်ဟာ မှားယွင်းစွာ ထုတ်ပြန်မိခဲ့တာပါ” ဟု အတည်ပြုပြောဆိုခဲ့သည်။

တိုက်ချင်းပစ်ဒုံးပျံများ ပစ်လွှတ်စမ်းသပ်နေသော မြောက်ကိုရီးယားအစိုးရနှင့် အမေရိကန်အစိုးရတို့ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုလိုဒုံးပျံသတိပေးချက် ပေါ်ပေါက်လာသောကြောင့် ဟာဝါအီပြည်သူ များအနေဖြင့် စိုးရိမ်တကြီးဖြစ်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly