ပေါ်တူဂီတွင် အဆောက်အဦးတစ်လုံး မီးလောင်ကျွမ်းမှုကြောင့် လူ ၈ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိ

.

တွန်ဒီလာ၊ ပေါ်တူဂီ၊ ဇန်န၀ါရီ ၁၄ ။           ။ ပေါ်တူဂီနိုင်ငံမြောက်ပိုင်းတွင် စနေနေ့အနှောင်းပိုင်းက နှစ်ထပ်အဆောက်အဦးတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ သောကြောင့် လူ ၈ ဦးထက်မနည်းသေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းတင်ပြခဲ့သည်။

အဆိုပါမီးသည် ဒေသစံတော်ချိန် ည ၉နာရီခန့်က အဆောက်အဦးအတွင်းရှိ ဘွိုင်လာအိုးပေါက်ကွဲရာမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှစ်ထပ်အဆောက်အဦးသည် ပေါ်တူဂီနိုင်ငံမြို့တော် လစ္စဘွန်းမြို့မှ မိုင် ၁၅၀ ခန့်ကွာဝေးသောအရပ်ရှိ တွန်ဒီလာမြို့တွင် တည်ရှိပြိး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆောက်အဦးအတွင်း၌ ညစာစားပွဲ ကျင်းပနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်မြို့ပြကာကွယ်စောင့်ရှောက်ရေး အာဏာပိုင်အဖွဲ့သည် အခင်းဖြစ်ပွားရာသို့ မီးသတ်သမား ၁၄၈ဦးနှင့် ယာဉ်ပေါင်း ၆၇ စီးကို စေလွှတ်ကာ လောင်ကျွမ်းနေသောမီးကို တစ်နာရီအတွင်း ငြိမ်းသတ်နိုင်ခဲ့သည်။

ဒါ့အပြင် ပြင်းထန်စွာဒဏ်ရာရရှိသူအချို့ကို အနီးအနားရှိဆေးရုံများသို့ ရဟတ်ယာဉ်များနှင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။