ငလျင် ၁၁ခုလှုပ်ခဲ့အပြီး ငလျင်ကြီးဖြစ်ပေါ်နိုင်ချေရှိကြောင်း မိုးဇလမှ အသိပေးထား

ငလျင် ၁၁ခုလှုပ်ခဲ့အပြီး ငလျင်ကြီးဖြစ်ပေါ်နိုင်ချေရှိကြောင်း မိုးဇလမှ အသိပေးထား

ရန်ကုန်၊ ဇန်နဝါရီ ၁၄ရက် ။         ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ ၊ မနက်ပိုင်းမှစ၍ ယနေ့ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းအထိ ၃ ရက်အတွင်း မြန်မာနိုင်ငံတွင် မြေငလျင်ပေါင်း၁၁ခု လှုပ်ခတ်ခဲ့သည်ဟု မိုးဇလ ငလျင်ဌာနခွဲ၏ ကြေညာချက်များအရ ငလျင်ကြီး ဖြစ်ပေါ်ရန် အခြေအနေရှိကြောင်းလည်း ယူဆရနိုင်သည်ဟု ကြေညာထားသည်။

"မြေထုချပ်လှုပ်ရှားမှုကြောင့် ငလျင်ငယ်များဆက်ကာ လှုပ်ရှားနေခြင်းသည် ဖြစ်ပေါ်နေသောဝန်အားကိုလျော့သွားစေပြီး ငလျင်ကြီးများဖြစ်ပေါ်စေရန် အခွင့်အလမ်း အလွန်နည်းပါးနိုင်သည်ဟု ယူဆနိုင်သကဲ့သို့ ငလျင်ကြီးတစ်ရပ်ဖြစ်ပေါ်စေရန် အခြေအနေရှိသည်ဟုလည်း ယူဆနိုင်ပါသည်"ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က အသိပေးကြေညာထားသည်။

ထို့ပြင် ယနေ့ ဇန်နဝါရီလ ၁၄ ရက်၊  မနက် ၅နာရီ ၅၉မိနစ် ၄၉ စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြည်တွင်း ဖြူးမြို့၊ အနောက်တောင်ဘက်၂၅မိုင်အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု ကမ္ဘာအေးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့သည်။

သို့ရာတွင် လှုပ်ခတ်ခဲ့သည့် မြေငလျှင်များတွင် အင်အားအသင့်တင့်မှ ပြင်းထန်အဆင့်အထိ မပါဝင်ကြောင်းမြေငလျင်ကော်မတီ၏အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

" စိုးရိမ်စရာတော့မရှိဘူးလို့ပဲပြောရမှာပါ ဘာလို့ဆိုတော့ လှုပ်တဲ့ဟာတွေကလည်း ဗဟိုက ပဲခူးရိုးမမှာရှိတာကိုး တောတောင်ထူထပ်တဲ့နေရာဖြစ်နေတာ လူတွေနဲ့ မြို့တွေနဲ့လှမ်းနေတာကိုး ဆိုတဲ့အခါကျတော့ သိပ်အန္တရာယ်မရှိနိုင်လောက်ပါဘူး"ဟု ဆိုသည်။

ငလျင်ကြီးများမလာခင် ငလျင်ငယ်များ ဖြစ်ပေါ်လေ့ရှိပြီး မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ကြော တလျှောက် ဝန်းသို၊ တကောင်း၊ စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ စဉ့်ကူး၊ မန္တလေး၊ ဝမ်းတွင်း၊ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး၊ ပဲခူး၊ သုံးခွမြို့များရှိနေသည်။

အဆိုပါ ဇန်နဝါရီလ ၁၂ ရက်မှစတင်သော မြေငလျင်ငယ် ၁၁ ခုအနက်  ၁၀ခုသည်   ဖြူးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခြင်း ဖြစ်ကာ အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်မှ ၆.၀ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

"ပျက်စီးမှုတော့ ကျွန်မတို့မကြားရဘူး ။ ဆည်မြောင်းမှာလည်း တမံအက်တာတွေ ဘာတွေမရှိဘူး"ဟု ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်းက ပြောသည်။

ပထမဆုံးမြေငလျှင်စတင်လှုပ်ခတ်စဉ်မှ ယနေ့မနက်ပိုင်း မြေငလျင်လှုပ်ခတ်ချိန်အထိ လူထိခိုက်မှုများလည်း ဖြူးမြို့နယ်တွင်မရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ရသည်မှာ အိန္ဒိယသမုဒ္ဒရာမြေထုချပ်မှ မြန်မာမြေထုချပ်အောက်သို့ စိုက်ဝင်တွန်းတိုက်နေခြင်းကြောင့်ဖြစ်ပြီး ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် ငလျင်ပြတ်ရွေ့များဖြစ်ပေါ်လာရသည်ဟု မြန်မာနိုင်ငံမြေငလျှင်ကော်မတီက ဆိုထားသည်။

ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ(၁၃)ရက်နေ့၌ ည ၁၀နာရီ ၂၁မိနစ် ၂၅စက္ကန့်တွင် ဖြူးမြို့ အနောက်-အနောက်တောင်ဘက် (၁၆) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၃)အဆင့်၊ နေ့လည် ၂နာရီ ၄၉မိနစ် ၅၂စက္ကန့်တွင် ထန်းတပင်မြို့ အရှေ့တောင်ဘက် (၂) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ မြေငလျင်များလှုပ်ခတ်ခဲ့သေးသည်။

စတင်လှုပ်ခတ်သော ဇန်နဝါရီ ၁၂ရက်နေ့၌လည်း ည ၉နာရီ ၅၃မိနစ် ၅၆စက္ကန့်တွင် ဖြူးမြို့အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်၊ နေ့လည် ၁နာရီ ၅၉မိနစ်အချိန်တွင် ဟုမ္မလင်းမြို့ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်၊ မနက်၁၀နာရီ ၄၆မိနစ်တွင် ဖြူးမြို့အနောက်တောင်ဘက် (၂၁) မိုင်ခန့် အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်၊ မနက် ၂နာရီ ၉မိနစ်တွင် ဖြူးမြို့အနောက်ဘက် ၂၄မိုင်အကွာကို အင်အား၄.၇အဆင့်၊ မနက် ၁နာရီ ၁၄မိနစ်တွင် ဖြူးမြိ့အနောက်ဘက် ၂၅မိုင်အကွာကို အင်အား၅.၃အဆင့်၊ မနက် ၁နာရီ ၁၂မိနစ်တွင် အင်အား၅.၃ဖြင့် ဖြူးမြို့အနောက်-အနောက်တောင်ဘက်၊ မနက် ၁နာရီ ၈မိနစ်တွင် ဖြူးမြို့ အနောက်-အနောက်တောင်ဘက် ၂၄မိုင်အကွာကို အင်အား ၅.၃ဖြင့် လှုပ်ခတ်ခဲ့သည်။

နောက်ဆက်တွဲငလျင်များ၏ အစပျိုးငလျင်ကို ဇန်နဝါရီလ (၁၂)ရက်နေ့ မနက် ၁၂နာရီ၊ ၅၆မိနစ် အချိန်တွင် ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ဖြင့် လှုပ်ခတ်ခဲ့သည်ကို ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly