မုတ်သုံမိုးကြောင့် စင်ကာပူတွင် မကြံုစဖူး အပူချိန်ကျဆင်းမှု ဖြစ်ပေါ်

မုတ်သုံမိုးကြောင့် စင်ကာပူတွင် မကြံုစဖူး အပူချိန်ကျဆင်းမှု ဖြစ်ပေါ်

 

စင်ကာပူ၊ ဇန်နဝါရီ ၁၃ ။          ။ စင်ကာပူနိုင်ငံတွင် မုတ်သုံမိုးကြောင့် အပူချိန် မကြုံစဖူး ကျဆင်းမှု ဖြစ်ပေါ်နေပြီး ဇန်နဝါရီ ၁၂ ရက်တွင် နံနက်ပိုင်းအပူချိန်သည် ၂၂ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသည်။

အီကွေတာ၏ မြောက်ဖက် တစ်ဒီဂရီစွန်းစွန်းတွင်သာ ရှိသော စင်ကာပူအနေဖြင့် နေ့ပိုင်းအပူချိန်သည် အနည်းဆုံး ၃၀ ဒီဂရီစင်တီဂရိတ်ရှိတတ်ပြီး ညပိုင်းအပူချိန်က ၂၃ ဒီဂရီစင်တီဂရိတ်အောက် မကျဆင်းဖူးသည့် အပူပိုင်းနိုင်ငံဖြစ်သည်။ လေထုစိုထိုင်းစလည်း မြင့်တက်ပြီး အမြဲလို ၈၅ ရာခိုင်နှုန်း အထက်တွင် ရှိသည်။

Admiralty နှင့် Ang Mo Kio အရပ်များတွင် ဇန်နဝါရီ ၁၁ ရက် ညပိုင်းက အပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ကြောင်း စင်ကာပူမိုးလေဝသဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင်   ဖော်ပြသည်။ နှိုင်းယှဉ်ပါက စင်ကာပူ၏ ၁၉၂၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး စံချိန်တင် အပူချိန်ကျဆင်းမှုအဖြစ် ၁၉၃၄ ခုနှစ်က ၁၉ ဒဿမ ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပုံမှန်မဟုတ်သော အပူချိန် ကျဆင်းမှုသည် ဆူမတြားမိုးသက်မုန်တိုင်းနှင့်အတူ မုတ်သုံဝင်ရောက်ခြင်းကြောင့် ဖြစ်သည်။ အရှေ့မြောက်မုတ်သုံနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်စဉ် စိုထိုင်းရာသီ ကျရောက်သည်။

ဇန်နဝါရီလ၏ မဖြစ်ဖူးသော ထူးကဲမှုအဖြစ် ၈ ရက်က ဆူမတြားဖက်မှ မိုးသက်မုန်တိုင်းများ ဝင်ရောက်ရာမှ မိုးသည်းထန်စွာ ရွာသွန်းရာ သုံးနာရီအတွင်း မိုးရေချိန် ၄၅ မီလီမီတာ ရွာသွန်းပြီး စင်ကာပူအရှေ့ပိုင်းတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်မှ စကာ မိုးဆက်တိုက်ရွာနေပြီး အပူချိန်သည် နိမ့်ဆင်းလျက်ရှိနေခြင်း ဖြစ်သည်။ ဆူမတြားမိုးသက်မုန်တိုင်းကြောင့် လေပြင်းများ မြောက်မှ အနောက်သို့ တိုက်ခတ်လျက်ရှိနေခြင်းလည်း ဖြစ်သည်။ ပုံမှန်ရာသီအခြေအနေက ယခုသီတင်းပတ်ကုန်မှ ပြန်လည်ရောက်ရှိဖို့ရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly