ကျောက်ဆည်စက်မှုဇုန်အတွင်း ကျောက်မိုင်းခွဲမှုကြောင့် လယ်ယာမြေသီးနှံများ ပျက်စီးဆုံးရှုံးနေဟု ဆို

ကျောက်ဆည်စက်မှုဇုန်အတွင်း ကျောက်မိုင်းခွဲမှုကြောင့် လယ်ယာမြေသီးနှံများ ပျက်စီးဆုံးရှုံးနေဟု ဆို

 

ကျောက်ဆည်စက်မှုဇုန်နယ်မြေအတွင်းရှိ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ မိုင်းအသုံးပြု၍ ကျောက်ထုတ်လုပ် နေခြင်းကြောင့် ၎င်းစက်ရုံပတ်ဝန်းကျင်အနီးက ကျေးရွာအချို့မှာ ကျောက်မှုန့်၊ ကျောက်ခဲများ လွှင့်စင်ကျမှု များကြောင့် လယ်ယာမြေအချို့နှင့် သီးနှံစိုက်ခင်းအချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျှက်ရှိကြောင်း ဒေသခံအချို့ထံက သိရသည်။

ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံအသုံးပြုရန်အတွက် ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်နီမတောင် နှင့်နို့နှစ်လုံးတောင်တို့ကို သံတော်မြတ်ကုမ္ပဏီမှ မိုင်းခွဲကျောက်ထုတ်လုပ်နေခြင်းကြောင့် လယ်ယာမြေအချို့ နှင့်သီးနှံစိုက်ခင်းအချို့ ပျက်စီးခဲ့ခြင်းဖြစ်သည်။ထိုသို့ မိုင်းခွဲကျောက်ထုတ်လုပ်နေခြင်းကို ၂၀၁၆ခုနှစ်မှစတင်၍ အမှတ်(၁)သတ္တုတွင်းဝန်ကြီးဌာနနှင့် အကျိုးတူဆောင်ရွက်ခဲ့ခြင်း   ဖြစ်သည်။

ထိုသို့လယ်ယာမြေများနှင့်သီးနှံ့စိုက်ခင်းများ ပျက်စီးဆုံးရှုံးနေခြင်းကြောင့် သီးနှံလျှော်ကြေးများရရှိလို၍ ဒေသခံများ အနေဖြင့် ဇန်နဝါရီလ ၁၃ ရက်၊မွန်းလွဲ ၂ နာရီ၊၃၀မိနစ်က မှိုင်းပန်ကျေးရွာတွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့က ပျက်စီးသွားတဲ့ သီးနှံ့လျှော်ကြေး ရချင်တယ်။အခုက သီးနှံတွေက မထွက်တော့ဘူး။ မြေကလည်းပျက်စီးနေတယ်။မိုင်းခွဲလိုက်တိုင်း ကျောက်မှုန့်နဲ့ကျောက်ခဲက စိုက်ခင်းထဲ အကုန်ကျတယ်။  အဲဒီလိုတွေဖြစ်လို့ စက်ရုံသွားပြောလည်း ဘာမှလုပ်မပေးဘူး။"ဟု ဦးကုလားက ပြောသည်။

မိုင်းခွဲခြင်းကို တစ်ရက်နှစ်ကြိမ်ပြုလုပ်နေခြင်းကြောင့် စိုက်ပျိုးရန်ခက်ခဲနေလို ပေါင်းရှင်း၊ ပေါင်းနှုတ်လုပ်ငန်းများ ကိုလည်း ရပ်နားထားရကြောင်း သိရသည်။

"ကျွန်မတို့ ဒီတောင်ခြေက လယ်ယာမြေအကုန်လုံးမှာ စိုက်လည်းမဖြစ်တော့ဘူး။မိုင်းအန္တရာယ်ကြောက်ပြီး အလုပ်သမားလည်း ငှားမရဘူး။ ပေါင်းရှင်း၊ ပေါင်းနှုတ်တောင် ရပ်ထားရတယ်။"ဟု ဒေါ်သန်းသန်းဌေးက ပြောသည်။

ဆက်လက်၍ ဦးကျော်ရှိန်က "စိုက်ခင်းတွေက အခုမြင်တဲ့အတိုင်းပဲ ကျောက်မှုန့်တွေ ဖွေးနေတယ်။ အမြဲ ဒီလို ဖြစ်နေတော့ သီးနှံက မထွက်တော့ဘူး။ ကျောက်တုံးတွေကလည်း ဒီအထဲ အကုန်ကျတယ်"ဟု ပြောသည်။

အဆိုပါတောင်ခြေရှိ လယ်မြေဧက ၁၀၀ ကျော်မှာ ကျောက်မှုန်၊ကျောက်ခဲများကြောင့် ပျက်စီးနေပြီး ဆက်လက် စိုက်ပျိုးရန်အတွက်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်သူများက ဆိုသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ ဆက်စိုက်လို့မရတော့ဘူး။သီးနှံနစ်နာကြေးပေးချင်လည်းပေး။ဒါမှမဟုတ် ဒီမြေကို ကာလတန်ဖိုးသတ်မှတ်ပြီး ဝယ်စေချင်တယ်။"ဟု ကိုကျော်နိုင်ဝင်းက ပြောသည်။

နစ်နာကြေးပေးရန်အတွက် ဒေသခံများအနေဖြင့် ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ မရှိသည့်အတွက် တရားစွဲဆိုမှုများပြုလုပ်သွားမည်ဟု ဒေသခံများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမန်နေဂျာ ဦးတင်ဝင်းအောင်က"သူတို့နှစ်နာနေတယ်ဆိုလည်း ညှိုနှိုင်း ဆောင်ရွက်သွားပါမယ်။ကျွန်တော်တို့အနေနဲ့က မိုင်းခွဲလို့ ကျောက်ခဲ ကျောက်မှုန့်ကျတဲ့နေရာတွေကိုတော့ တောင်သူတွေနဲ့ညှိနှိုင်းပြီး မြေကိုဝယ်ထားပါတယ်။အခုကျတယ်ဆိုတဲ့နေရာကိုတော့ ကျွန်တော် မကြည့်ရသေးပါဘူး။ ကျွန်တော်တို့ကတော့ ပြေလည်အောင်ညှိုနှိုင်းဆောင်ရွက်သွားမှာပါ။"ဟုပြောသည်။

မိုင်းခွဲ၍ ကျောက်မှုန့်၊ကျောက်ခဲကျသောဒဏ်ခံနေရသည့်ကျေးရွာအချို့မှာ ကလေးကျေးရွာ၊ ရေကြည်ကျေးရွာ၊ မှိုင်းပန်ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly