မကြာမီ ကျင်းပပြုလုပ်တော့မည့် &PROUD 2018 ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်

မကြာမီ ကျင်းပပြုလုပ်တော့မည့် &PROUD 2018 ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ။                       ။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ခဲ့သည့် &PROUD 2018 ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင် ဇန်နဝါရီ ၂၇ ရက် မှ ဖေဖော်ဝါရီ ၄ ရက် အထိ သခင်မြပန်းခြံ နှင့် ပြင်သစ်ယဉ်ကျေးမှုဌာန တို့တွင် ကျင်းပပြုလုပ်သွား တော့မည် ဖြစ်သည်။

 ထို ရုပ်ရှင်ပွဲတော်ကို၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ကျင်းပပြီးခဲ့သလို အာရှတခွင်ရှိ LGBT တို့၏ ဘဝမျိုးစုံ အဖုံဖုံတို့ကို ဗဟိုပြုအာရုံစိုက်ရန် နှင့် LGBT အသိုင်းအဝိုင်းများကို စည်းလုံးစေရန်၊ LGBT အခွင့်အရေးများအကြောင်း ဆွေးနွေးငြင်းခုံခြင်းကို ထောက်ပံ့ရန် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

 ယခုနှစ်တွင် ကျင်းပပြုလုပ်မည့့်&PROUD 2018 ရန်ကုန် LGBT ရုပ်ရှင်ပွဲတော် ကာလ အတွင်း ရုပ်ရှင်များ ၊ ဖျော်ဖြေမှုများ ၊ အားကစားများ ၊ ဆွေးနွေးမှု စကားဝိုင်းများ နှင့် ပါတီများ ပါဝင်မည် ဖြစ်ကာ ထူးထူးခြားခြား အစီအစဉ်များလည်း ပါဝင်မည် ဖြစ်သည်။

 ရုပ်ရှင်ပွဲတော် နှင့်အတူ ဖျော်ဖြေရေး အစီအစဉ် အနေဖြင့် နာမည်ကြီး အဆိုတော်များ ဖြစ်ကြသည့် ဖြူဖြူကျော်သိန်း ၏ ဖျော်ဖြေတင်ဆက်မှု ၊ Mary နှင့် ဇွန်ဝေယံ ၊ အဆိုတော် အားတီ တို့၏ ဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်သည်။

ထိုပြင် ယခုနှစ်တွင် Drag Olympic အားကစားပြိုင်ပွဲ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သလို ဒေါက်ဖိနပ်စီး အပြေးပြိုင်ပွဲ ၊ လက်ကိုင်အိတ် အဝေးပစ်ပြိုင်ပွဲ ၊ ဘောလုံးဖောက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲတွေလည်း ပါဝင်မည် ဖြစ်သည်။  

ထူးထူးခြားခြား အနေဖြင့် ဘန်ကောက်မှ အဟော့ဆုံး Drag ဘုရင်မ နှစ်ယောက် ဖြစ်သည့် Kandy နှင့် Meantra တို့က ရန်ကုန်တွင် ပြုလုပ်မည့် &PROUD တွင် လာရောက် ဖျော်ဖြေမည် ဖြစ်ပြီး ၎င်းတို့ နှစ်ဦး သည် ဘန်ကောက်တွင် နာမည်အကြီးဆုံး နှင့် လူသွားအများဆုံး Drag များစုစည်းရာ ဖြစ်သည့် Maggie Choo's နှင့် The Stranger Bar တွေမှာ ပုံမှန်ကပြလေ့ရှိသူများလည်း ဖြစ်သည်။

&PROUD 2018 ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်ကို ဇန်နဝါရီ ၂၇ရက် နှင့်၂၈ရက်တွင် သခင်မြပန်းခြံ ၌ ပြုလုပ်မည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ရက် နှင့် ၄ရက်တွင် ပြင်သစ်ယဉ်ကျေးမှုဌာန တို့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly