YBS ၂၀ တွင် အမျိုးသမီး တစ်ဦးကို ဆဲဆိုကြိမ်းမောင်းခဲ့သူများအနက် ၃ ဦး ဖမ်းမိ

YBS ၂၀ တွင် အမျိုးသမီး တစ်ဦးကို ဆဲဆိုကြိမ်းမောင်းခဲ့သူများအနက် ၃ ဦး ဖမ်းမိ
ဓာတ်ပုံ-Yangon Police

ဇန်နဝါရီ ၁၃ ။                 ။ ပြီးခဲ့သည့် နှစ်အောက်တိုဘာလ ၃၁ ရက်က ဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုတွင် YBS ၂၀ ကားပေါ်၌ အမျိုးသမီး တစ်ဦးကို ဆဲဆိုကြိမ်းမောင်းခဲ့သူများအနက် ၃ ဦးကို  ဖမ်းမိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က လှိုင်သာယာမြို့နယ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲ သော YBS ၂၀ ယာဉ်ပေါ်သို့ လိုက်ပါလာသူ အမျိုးသမီးမှာ ခါးပိုက်နှိုက်ခံရကြောင်း ၊ ပစ္စည်းဆုံးရှုံးခြင်း မရှိကြောင်း၊ ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်တို့အား ပြောဆိုအသိပေးခဲ့သဖြင့် ဓမ္မစေတီလမ်းနှင့် အင်းယား လမ်းထိပ် မီးပွိုင့် အရောက်တွင် အမျိုးသား၂ ဦးဆင်းသွားပြီး အဆိုပါ အမျိုးသမီးနှင့် ယာဉ်မောင်းတို့အား ဆဲဆိုကြိမ်းမောင်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် စမ်းချောင်းမြို့မရဲစခန်းသို့တိုင်တန်းခဲ့ရာ  (ပ)၄၉၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရပြီး အဆိုပါဗီဒီယိုဖိုင်အား YBS ၂၀ မှ အများပြည်သူသို့ တောင်းပန်ခြင်း ဆိုကာ လူမှုကွန်ရက်ပေါ်တင်ခဲ့ရာမှ လူအများ သိရှိခဲ့ခြင်း ဖြစ်သည်။

YBS (၂၀)ယာဉ်လိုင်းပေါ်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းအား စစ်ဆေးရာမှ တဆင့် အဆိုပါသူများမှာ ယခင်က ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူ သန်လျင်မြို့နယ်၊ လက်ယက် စမ်းကျေးရွာနေ စိုးလင်းထိုက် (ခ)ဖိုးလုံး၊ ကြည့်မြင်တိုင်မြို့နယ်နေ မြင့်နိုင်(ခ)ကုလား၊ ကျော်လင်းထိုက်နှင့် ထွန်းထွန်းတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၉ ရက်က YBS ၃၆ ယာဉ်လိုင်းပေါ်သို့ ရဲတပ်ဖွဲ့ဝင်များ အသွင်ယူလိုက်ပါလာစဉ် မြောက်ဥက္ကလာပ မြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဃ)ဈေးမှတ်တိုင်တွင် ခါးပိုက်နှိုက် စိုးလင်းထိုက်(ခ)ဖိုးလုံး(၃၂)နှစ်၊ ကျော်လင်း ထက် (၂၁)နှစ်နှင့် ဝင်းကျော်ကျော်(ခ) အူစမန်(၄၁)တို့အား ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပ မြို့မရဲစခန်း တွင် (ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၃၁ ရက်နေ့က စိုးလင်းထိုက်(ခ)ဖိုးလုံး၊ ကျော်လင်းထက်၊မြင့်နိုင်(ခ)ကုလား၊ ထွန်းထွန်းနှင့် မြင့်နိုင်(ခ)ကုလားနှင့်အတူ အခြား အမျိုးသား ၃ ဦးပါ YBS ၂၀ အမှုတွင် ကျူးလွန်ရန် ကြံစည်ခဲ့ခြင်းဖြစ်ပြီး တိမ်းရှောင်နေသူ ကုလား(ခ)မြင့်နိုင်၊ ထွန်းထွန်းနှင့်အမည်မသိ အမျိုး သား(၃)ဦးတို့အား ပေါင်း ၄ ဦးအား ရဲတပ်ဖွဲ့မှ ထပ်မံဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေသည်။

စိုးလင်းထိုက်(ခ)ဖိုးလုံးမှာ သာကေတမြို့နယ်အတွင်း ဓါးကိုင်ဆောင် မူးယစ်ရမ်းကားသဖြင့် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးကြောင်း၊ ၂၀၁၄ ခုနှစ်က ကျောက်တန်း-တာမွေယာဉ်လိုင်းပေါ်တွင် ခါးပိုက်နှိုက်မှုဖြင့် ထောင်(၁)နှစ်ကျခဲ့ဖူးကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၎င်းနှင့်အတူ (၅)ဦး တို့က ကျောက်တန်း-တာမွေသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများကို အုပ်စုဖွဲ့ မိုက်ကြေးခွဲကာ ခြိမ်းခြောက်ငွေ တောင်းခံသဖြင့် ထောင် ၁ နှစ် ကျခဲ့ဖူးကြောင်း သိရပါသည်။

လက်ရှိတွင် စိုးလင်းထိုက်(ခ)ဖိုးလုံးနှင့်ကျော်လင်းထက်တို့အား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags