အကြိုလူထုဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး တပ်မတော်၊ အစိုးရတို့နှင့် အလွတ်သဘောတွေ့ဆုံရန် PPST ဆုံးဖြတ်

အကြိုလူထုဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး တပ်မတော်၊ အစိုးရတို့နှင့် အလွတ်သဘောတွေ့ဆုံရန် PPST ဆုံးဖြတ်
ဓာတ်ပုံ - NCA-S EAO

 

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ။             ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ပြုလုပ်နေသည့် အကြိုလူထုတွေ့ဆုံပွဲများတွင် တပ်မတော်ဘက်မှ ပိတ်ပင်မှုများရှိနေသည့်အတွက်   နိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်ချနိုင်သည့် တပ်မတော်၊ အစိုးရ ခေါင်းဆောင်ပိုင်းတို့နှင့် အလွတ်သဘောတွေ့ဆုံရန် PPST အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကပြောဆိုလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြော ဆိုခဲ့ခြင်းဖြစ်သည်။

“ လူထုနဲ့တွေ့ဆုံဆွေးနွေးပွဲ (အကြို) တွေကိုလုပ်ဆောင်တဲ့နေရာမှာ အစိုးရဘက်ကခွင့်ပြုပေမယ့်လည်း တပ်မတော်ပိုင်းမှာ ပိတ်ပင်မှုရှိတဲ့အတွက် အခက်အခဲရှိပါတယ် “ ဟု ပဒိုစောကွယ်ထူးဝင်းကပြောသည်။ “

“ အလွတ်သဘောပဲ တွေ့ဆုံဆွေးနွေးမှုက ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါတဲ့  အထူးသဖြင့် ဦးဆောင်တဲ့ တပ်မတော်ဆိုင်ရာ အကြီးအကဲနဲ့ နောက်ပြီးတော့ နိုင်ငံတော်မှာ ဦးဆောင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့တွေဖို့လည်း သဘောထားရှိပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင်တွေ့ဆုံဆွေးနွေးသွားမည်ကိုမှု ပြောဆိုခြင်း မရှိခဲ့ပေ။

“ ဆိုလိုတာက ဒီဥစ္စာကိုကျော်လွှားဖို့ အစိုးရနဲ့တပ်မတော်နဲ့ နှစ်ဖက်စလုံးကနေ သဘောတူညီမှု ရှိဖို့လိုအပ်တဲ့ အတွက်ကြောင့် တွေ့ဖို့အတွက် သဘောတူထားတယ်။ ဆုံးဖြတ်ထားတယ်။ အမြန်ဆုံးလည်းတွေ့နိုင်အောင် ကြိုးစားသွားမှာဖြစ်ပါတယ် “ ဟု KNU ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ဒုတိယအကြိမ်အဖြစ်ပြုလုပ်မည့် ၂၁ ပင်လုံတွင် ညီလာခံသို့တင်သွင်းအဆိုပြုမည့်အချက် အလက်များကို အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲများမှ  ရယူမည်ဖြစ်သည်။

သို့သော်လက်ရှိတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ရှမ်းပြည်နယ်တွင် ပြုလုပ်နေသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို) များကို တပ်မတော်မှ ပိတ်ပင်မှုများရှိနေ၍ တပ်မတော်၊ အစိုးရခေါင်းဆောင်ပိုင်းတို့နှင့် အလွတ်သဘောတွေ့ဆုံရန် PPST အစည်းအဝေးမှ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းကဆိုသည်။

အလားတူ ALP အနေဖြင့်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်းမရှိသေးသောကြောင့် တိုင်းရင်းသားများအနေဖြင့် ပင်လုံညီလာခံတွင် ပြည်သူလူထု၏အမြင်များကို တင်သွင်းရန်အခက်အခဲရှိနေသည်။

 “ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တောင်မှ မူဝါဒ သဘောထား အဆိုပြုတွေကိုတင်ပြ မနိုင်ဘူးဆိုလို့ရှိရင် လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ က အောင်မြင်တဲ့ညီလာခံမဖြစ်နိုင်ဘူး “  ဟု ပဒိုစောကွယ်ထူးဝင်းက သုံးသပ်သည်၊

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှရရှိလာသည့် ဆွေးနွေးချက်များကို မကြာမီလပိုင်းအတွင်း ကျင်းပရန်ရှိနေသည့် တတိယ အကြိမ် ၂၁ ပင်လုံညီလာခံတွင် ထည့်သွင်းဆွေးနွေးမည်   ဖြစ်သောကြောင့် လူထုအသံသည် အရေးပါသည့်အခန်းဏ္ဍတွင်ရှိနေသည်။

PPST ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က NCA လက်မှတ်ရေးထိုးခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊   မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (ABSDF )၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ် (DKBA)တို့မှ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးစီ ပါဝင်၍ ဖွဲ့စည်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly