RCSS နှင့် ALP တို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်၍ အောင်မြင်သည့် တတိယအကြိမ် ညီလာခံမဖြစ်နိုင်ဟု ဆို

RCSS နှင့် ALP တို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်၍ အောင်မြင်သည့် တတိယအကြိမ် ညီလာခံမဖြစ်နိုင်ဟု ဆို
ဓါတ်ပုံ - NCA-EAOs

 

ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ) ။            ။ အပစ်ရပ် အဖွဲ့ ၈ ဖွဲ့မှ RCSS နှင့် ALP တို့ ယနေ့ထိ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခြင်း မရှိသဖြင့် လာမည့် တတိယ အကြိမ် ညီလာခံသည်လည်း အောင်မြင်သည့် ညီလာခံ မဖြစ်နိုင်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တချို့အဖွဲ့တွေ မလုပ်ရသေးဘဲနဲ့ အထူးသဖြင့် ရှမ်း၊ ALP သူတို့က လည်း ကဏ္ဍတစ်ခုခု ပုံစံတစ်ခုခုနဲ့ လုပ်နိုင်တဲ့အနေအထားရှိလို့ရှိရင် ဘယ်လောက်လှမလဲ။ အခုက ဒီကိစ္စ လုပ်လို့မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့အတွက် အခက်အခဲရှိတယ် ကျွန်တော်တို့ရဲ့ ပြည်သူတွေလည်း အမြင်လည်း တစ်မျိုးဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့ အစည်းတွေကလည်း အမြင်တစ်မျိုးဖြစ်တဲ့အပေါ်မှာ ဒီလိုဆောင်ရွက်ရမဲ့ ကိစ္စဆောင်ရွက်ပြီးရင်တော့ တကယ့်အောင်မြင်တဲ့ ညီလာခံ တစ်ခုဖြစ်ဖို့ ကျွန်တော်တို့ အဲဒီလို မျှော်ကိုးတယ်”ဟု သူက ပြောသည်။

အစိုးရက ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ပြုလုပ်ရန် ပြင်ဆင်ထားသော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အားလုံး ကျင်းပခွင့်မရသဖြင့် နိုင်ငံတော် တာဝန်ရှိ သူများနှင့် ဆက်လက် ညှိနှိုင်းသွားရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၁ နှင့် ၁၂ ရက်နေ့ နှစ်ရက်ကြာ ကျင်းပသော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA )လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှ ငြိမ်းချမ်းရေ လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

အပစ်ရပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အဖွဲ့ကြီး အဖွဲ့ငယ် ဟူ၍ ခွဲခြား ဆက်ဆံခြင်း၊ လစ်လျူရှုခြင်း မရှိဘဲ အားလုံး တူညီသော လုပ်ပိုင်ခွင့်များ ပေးရန် လိုအပ်ကြောင်း PPSTမှ ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းကလည်း ပြောသည်။

NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများ ကန့်သတ်ပိတ်ပင်ခံရခြင်းများနှင့် လျစ်လျူရှုခြင်းများ ရှိနေသည့်အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော် စသည့် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားရန် ဆုံးဖြတ်ခဲ့သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်တဲ့နေရာမှာ တစ်ဆို့မှုတွေ မရှိအောင်၊ အခက်အခဲမရှိအောင် ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ထားရမဲ့ အမြင်သဘောထားတွေကို တဖက်တာဝန်ရှိတဲ့ အစုအဖွဲ့တွေ ထူးသဖြင့် အစိုးရနဲ့ ညှိနိုင်းပြီးတော့ တူညီတဲ့သဘောတူညီမှု တူညီတဲ့အမြင်တွေရှိဖို့အတွက် ညှိနှိုင်းသွားဖို့တော့ သဘောတူထားတယ်။ ဆိုလိုတာက အန်စီအေကို အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲတချို့ ရှိတဲ့ အတွက်ကြောင့် ဒီအခက်အခဲတွေ နောက်နောင်မှာ မဖြစ်ဖို့ မရှိဖို့အတွက် အန်စီအေ အကောင်အထည် ဖော်မှုရဲ့ အမြင်သဘောထားတွေကို တူညီအောင် ကျွန်တော်တို့ ညှိနိုင်းသွားဖို့ သဘောထားရှိပါတယ်”ဟု PPST ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့ပြင် ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ထိရောက်အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမြန်ဆုံး အကောင်အထည်ဖော်ရန် PPST နိုင်ငံတော် တာဝန်ရှိသူများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားရန် ကြိုစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလက NCA ကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊သျှှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျုးိသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုတပ်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျုးိသားတပ်ဦး (CNF) တို့ လက်မှတ်ရေးထိုးခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags