ဟွန်ဒူးရပ်စ် အစိုးရဆန့်ကျင်ဆန္ဒပြပွဲများအတွင်း လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိ

ဟွန်ဒူးရပ်စ် အစိုးရဆန့်ကျင်ဆန္ဒပြပွဲများအတွင်း လူ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိ

 

ဇန်နဝါရီ ၁၃ ။                                 ။ ဟွန်ဒူးရပ်စ်နိုင်ငံမှာ လက်ရှိ သမ္မတ ဟွမ် အော်လန်ဒို ဟာနန်ဒက်ဇ် နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံထားရမှုအပေါ်  ကျေနပ်မှုမရှိကြတဲ့   ပြည်သူထောင်ပေါင်းများစွာတို့က  ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေအတွင်း ရဲတွေနဲ့ ဆန္ဒပြသမားတွေအကြားက အဓိကရုဏ်းတွေကြောင့် အနည်းဆုံး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ရွေးကောက်ပွဲအတွင်းမှာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့အတူ အနိုင်ရရှိသူအဖြစ် ကြေညာခြင်းခံထားရတဲ့ လက်ရှိသမ္မတ ဟာနန်ဒက်ဇ်အနေနဲ့ လာမယ့် ဇန်နဝါရီ ၂၇ ရက်မှာ နောက်တစ်ကြိမ် သမ္မတအဖြစ် ကျမ်းကျိန်တော့မှာ ဖြစ်ပြီး ယင်းအခမ်းအနား နီးကပ်လာတာနဲ့အမျှ ဆန္ဒပြမှုတွေကလည်း အရှိန်မြင့်လာနေခဲ့တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်ခဲ့တဲ့ ဟာနန်ဒက်ဇ်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိသူအဖြစ် ကြေညာခံထားရသူဖြစ်သော်လည်း အဆိုပါ ရွေးကောက်ပွဲဟာ အတုအယောင်တွေနဲ့သာ ပြည့်နှက်နေလျက်ရှိတယ်ဆိုပြီး အတိုက်အခံတွေဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက်က ဆန္ဒပြသူ ၁၀,၀၀၀ ခန့်ပါဝင်တဲ့ လူအုပ်စုတစ်စု သမ္မတအိမ်တော်ရှေ့ ဦးတည်ချီတက်ခဲ့တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ယင်း ချီတက်မှုကိုတော့ ၂၀၀၉ ခုနှစ်က အာဏာသိမ်းခံရပြီး ပြုတ်ကျသွားခဲ့တဲ့ ယခင် သမ္မတဟောင်း မန်နျူရယ် ဇာလာယာက ဦးဆောင်လာခဲ့တာဖြစ်ပြီး ယင်းဆန္ဒပြဖြစ်စဉ်မှာ ၎င်းကိုယ်တိုင်လည်း အဓိကရုဏ်းရဲတွေဘက်က ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ တုန့်ပြန်တားဆီးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

" အာဏာရှင်အစိုးရ ပြုတ်ကျတော့မယ်၊ ငါတို့ကို သူတို့ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး၊ ငါတို့ဘာမှမကြောက်ဘူး" ဆိုပြီး ယင်းဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေက ကြွေးကြော်အော်ဟစ်ချီတက်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly