အာဖရိကနိုင်ငံများကို စော်ကားပြောဆိုခြင်းကြောင့် ဒေါ်နယ်ထရမ့်ကို ပြန်လည်တောင်းပန်ခိုင်း

အာဖရိကနိုင်ငံများကို စော်ကားပြောဆိုခြင်းကြောင့် ဒေါ်နယ်ထရမ့်ကို ပြန်လည်တောင်းပန်ခိုင်း

 

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၁၃ ။                       ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဖရိကနိုင်ငံများနှင့် ပတ်သက်ပြီး အာဖရိကတိုက်ကို ညစ်တီးညစ်ပတ် ( shithole ) အဖြစ် ပြောဆိုခိုင်းနှိုင်း လိုက်ခြင်းကြောင့်  ကိုယ်စားပြုနိုင်ငံများနှင့် ကိုယ်စားပြုအဖွဲ့အစည်းများအတွက် မကျေနပ်စရာများ ဖြစ်ပေါ်သည်။

ဟေတီနိုင်ငံမှာ ကျင်းပသည့် ၂၀၁၀ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အောက်မေ့ဖွယ်အခမ်းအနား၌ တက်ကြွလှုပ်ရှားသူ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ရော်ဘတ်ဆန်အယ်ဖုန်းက “ကျွန်တော်တို့ရဲ့ ဂုဏ်ကို ပစ်ပစ်နှစ်နှစ် ပြောဆိုတယ်။ ကောင်းပါပြီ၊ အမေရိကန်သမ္မတဟာဆိုရင်တော့ ကျပ်မပြည့်တဲ့ ဦးနှောက်ပိုင်ရှင်ပါပဲ။”ဟု ပြောဆိုလိုက်သည်။

အဆိုပါ အခမ်းအနားတို့ တက်ရောက်လာသည့် သမ္မတ ဂျိုဗင်နယ်မွိုက်စ်က ထရမ့်၏ အပြောကို တိုက်ရိုက်တုံ့ပြန်မပြောဆိုသော်လည်း “ဟေတီနိုင်ငံဟာ ကမ္ဘာမြေပေါ်က အခြားနိုင်ငံတွေအတိုင်းပါပဲ။”ဟု ရိုးရှင်းစွာ ပြောဆိုခဲ့သည်။

အယ်ဆာဗေဒိုနိုင်ငံကမူ ထရမ့်၏ အဆိုပါ မှတ်ချက်စကားကို စိတ်ဆိုးဒေါသဖြင့် တုံ့ပြန်ကာ ငြင်းချက်ထုတ်ရန် သို့မဟုတ် ဖြေရှင်းရန် အမေရိကန်ကို တောင်းဆိုသည်။

“အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မနှစ်မြိုဖွယ် အပြောအဆိုနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ ငြင်းတာ၊ ဖြေရှင်းတာ လုပ်ပေးရပါမယ်။”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်ဒီစီတွင် အခြေစိုက်သော အာဖရိကနိုင်ငံများ ကိုယ်စားပြုအဖွဲ့က “တုန်လှုပ်စရာ၊ မနှစ်မြို့စရာ၊ ဒေါသထွက်စရာ” ပြောစကားဟု ဆိုလျက် ထရမ့်အစိုးရသည် အာဖရိကနိုင်ငံများအပေါ် နားလည်မှုလွဲနေကြောင်း ဖော်ပြခဲ့သည်။

ထိုပြင် ထိုစကားအတွက် သမ္မတထရမ့်အနေဖြင့် ပြန်လည်တောင်းပန်ရန်လည်း ယင်းအဖွဲ့က တောင်းဆိုသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာဖရိကနိုင်ငံများကို ညစ်တီးညစ်ပတ်များဟု ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်တွင် ပြောခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြသည်။

သို့သော် ထရမ့်က ၎င်းအနေဖြင့် ယင်းစကားလုံးကို သုံးစွဲပြောဆိုခဲ့ခြင်းမရှိဟု ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly