ရီးယဲလ်အသင်းအပေါ် မီဒီယာရဲ့ အဆိုးမြင် ရေးသားဖော်ပြမှုတွေကို နည်းပြ ဇီဒန်း ရှုတ်ချ

ရီးယဲလ်အသင်းအပေါ် မီဒီယာရဲ့ အဆိုးမြင် ရေးသားဖော်ပြမှုတွေကို နည်းပြ ဇီဒန်း ရှုတ်ချ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ၎င်းရဲ့အသင်းအပေါ် မီဒီယာတွေဟာ အဆိုးဘက်ကို အသားပေး ရေးသားဖော်ပြနေပြီး အခုလို မကောင်းတာတွေ ရေးသားတာက သတင်းစာတွေ “ပိုပြီး ရောင်းရ”လို့ ဖြစ်ပါတယ်လို့ သောကြာနေ့က ပြောဆိုသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းက စပိန်ဘုရင့်ဖလား ဒုတိယအကျော့အဖြစ် နူမန်စီယာအသင်းကို အိမ်ကွင်းမှာ ၂-၂ ဂိုးစီသရေကျပြီး နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် နောက်တစ်ဆင့်တက်ရောက်ခဲ့ပြီးနောက် နှစ်ရက်အကြာမှာ အခုလိုဇီဒန်းရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

“ကျနော်တို့အသင်း ဘယ်လောက်ဆိုးဆိုးရွားရွား ကစားနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုတဲ့ အကြောင်းတွေကို ကြားရတာ ကျနော် ငြီးငွေ့လာတယ်။”လို့ ဇီဒန်းက ဗီလာရီးယဲလ်အသင်းနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ကျနော်အသင်းမှာ အကောင်းဘက်ကိုပဲ ကြည့်မြင်သွားမှာပါ။ ဘာလို့လဲဆိုတော့ မီဒီယာတွေ ရှုထောင့်ကနေဆို အရာအားလုံး မှားယွင်းနေတယ်လို့ ပြောဖို့ဆိုတာ အလွန်လွယ်ကူလွန်းပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမဟုတ်ဘူးဆိုတာ ခင်ဗျားတို့ သိပါတယ်။ အရာအားလုံးဟာ အပျက်သဘောမဆောင်လို့ပါပဲ။”လို့ သူက ပြောပါတယ်။

လာလီဂါချန်ပီယံဆုကို ကာကွယ်နေတဲ့ ရီးယဲလ်အသင်းဟာ လက်ရှိအမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာနဲ့ ၁၆ အမှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် ဇီဒန်းကတော့ ရီးယဲလ်အသင်းအနေနဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ဖလားမျှော်လင့်ချက်တွေ ရှင်သန်နေဆဲ့ဖြစ်လို့ ပြောဆိုခဲ့ပြီး အသင်းဟာ ယုံကြည်မှုနှင့် စုဖွဲ့မှု ပြန်လည်ရယူဖို့ နိုင်ပွဲအနည်းငယ် လိုအပ်တယ်လို့ ပြောဆိုသွားပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly