အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖြစ် သမ္မတ ဒူတာတေးက ထိပ်တန်းအရာရှိများစွာကို ဖြုတ်ထုတ်ပစ်ရန်ရှိ

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖြစ် သမ္မတ ဒူတာတေးက ထိပ်တန်းအရာရှိများစွာကို ဖြုတ်ထုတ်ပစ်ရန်ရှိ

မနီလာ၊ ဇန်နဝါရီ ၁၂ ။              ။ ဖိလစ်ပိုင်နိုင်ငံတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် သမ္မတ ဒူတာတေးက ထိပ်တန်းတာဝန်ရှိသူ အရာရှိများစွာကို ဖြုတ်ထုတ်ပစ်ရန် ရှိနေကြောင်း သမ္မတရုံးက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည့် အစည်းအဝေးမှတ်တမ်းတစ်ရပ်အရ သိရသည်။

ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သော အဆိုပါ အစည်းအဝေးတွင် အစိုးရဌာနဆိုင်ရာ အကြီးအကဲတစ်ဦး၊ ဗိုလ်ချုပ်ကြီး သုံးဦးနှင့် ရဲတာဝန်ရှိသူ ၅၀ မှ ၇၀ ကြားတို့ကို အစားထိုးခန့်သွားရန်ရှိကြောင်း   ကြေညာခဲ့ခြင်း ဖြစ်သည်။

မိမိအစိုးရတွင် အကျင့်ပျက်ခြစားမှုကို ရှင်းလင်းရန် အစွမ်းရှိသမျှ လုံ့လစိုက်သွားမည်ဖြစ်ကြောင်း၊ အကြီးတန်းအရာရှိများ၏ လာဘ်ပေးလာဘ်ယူကိစ္စရပ်များနှင့် ရဲအရာရှိများအပေါ် စွပ်စွဲထားချက်များအပေါ်လည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ဒူတာတေးက ပြောကြားသည်။

သမ္မတ ဒူတာတေးသည် ၎င်းရာထူးတက်လာသည့် ၂၀၁၆ ဇွန်လမှစကာ ဆင်နွှဲခဲ့သော အငြင်းပွားဖွယ် မူးယစ်တိုက်ဖျက်ရေး စစ်ပွဲကြောင့် ကမ္ဘာ့သတင်းများတွင် ဇောင်းပေးဖော်ပြခံနေရပြီး ကမ္ဘာ့အနှံ့ လူ့အခွင့်အရေးအုပ်စုများ၏ ဝေဖန်မှုများ ရင်ဆိုင်နေရသူဖြစ်သည်။

ဒူတာတေးက ၎င်း၏ အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများကို တိုက်ထုတ်သည့် လုပ်ငန်းစဉ်အားဖြင့်လည်း ပြည်ထဲရေးဝန်ကြီးဟောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ဘုတ်အဖွဲ့ဥက္ကဌ၊ ရေကြောင်းစက်မှု စီမံခန့်ခွဲမှုရုံး အကြီးအကဲနှင့် မြို့ပြဆင်းရဲသားများရေးရာ သမ္မတရုံးကော်မရှင်ဥက္ကဌ စသူတို့အပါအဝင် တာဝန်ရှိသူ ဒါဇင်များစွာအား ရာထူးက နုတ်ထွက်စေခဲ့ပြီးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags