ထိုင်းမင်းသမီး Kaew Korravee ပါ၀င်သည့် "ဥပါယ်တံမျဉ်" ရုပ်ရှင်ဇာတ်ကား ရုံတင် ပြသမည်

ထိုင်းမင်းသမီး Kaew Korravee ပါ၀င်သည့် "ဥပါယ်တံမျဉ်" ရုပ်ရှင်ဇာတ်ကား ရုံတင် ပြသမည်

 

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ။          ။ ထိုင်းမင်းသမီး Kaew Korravee ပါဝင်ရိုက်ကူးထားပြီး မုဒြာရဲ့ခေါ်သံ ဇာတ်ကားဖြင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များမှ ဆုရ ထားသည့် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူး ပုံဖော်ထားသည့် "ဥပါယ်တံမျဉ်" ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၁၉ ရက်မှ စတင်ပြီး ရုံတင်ပြသသွားတော့မည် ဖြစ်သည်။

မုဒြာရဲ့ခေါ်သံရုပ်ရှင် ဇာတ်ကား ၏ ခေါင်းဆောင်မင်းသားဖြစ်သော မင်းသား ဇဏ်ခီ ၊ မင်းသမီး ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီး Kaew Korravee ၊ အကယ်ဒမီ မင်းဦး နှင့် ခြူးစစ်ဟန် တို့က ပါဝင် သရုပ်ဆောင်ထားကြပြီး အခြားရုပ်ရှင်ကား များနှင့်မတူ ထူးခြားမှုများပါဝင်သည့် ရုပ်ရှင် ဖြစ်သည်။

"ဥပါယ်တံမျဉ်" ရုပ်ရှင်ဇာတ်ကား သည် Suspense Drama ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အဆိုပါ ဇာတ်ကား ကို ၃ လကြာ ရန်ကုန်၊ ငပလီ ၊ ကလော တို့တွင် သွားရောက်ရိုက်ကူးခဲ့ပြီး တစ်နှစ်ကျော် အချိန်ယူ တည်းဖြတ်ထားသည့် ဇာတ်ကား တစ်ကား ဖြစ်ပြီး Central Base Productions မှ စီစဉ် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

သရုပ်ဆောင် အေးဝတ်ရည်သောင်းကလည်း " မြန်မာ့ရုပ်ရှင် အတွက် အားရစရာပါရှင့်။ နိုင်ငံတကာအဆင့် ရုပ်ရှင်ပညာကို လေ့လာထားတဲ့ လူငယ် Film Makers (ရုပ်ရှင်ဖန်တီးရှင်) တွေ အများကြီး ပေါ်လာတဲ့ အထဲမှာမှ ရှားရှားပါးပါး အမျိုးသမီးဒါရိုက်တာလည်းဖြစ်လို့ (ကိုယ်တွေလိုမိန်းမချင်း ခံစားချက်တွေ အနုစိတ် ရိုက်ပြနိုင်မှာမို့) သူ့ရဲ့ 19 Jan မှာ ရုံတင်မယ့် "ဥပါယ်တံမျဉ်"ရုပ်ရှင်ကို မျှော်နေမိတယ်" လို့ လူမှုကွန်ရက်မှာ ပြောထားသည်။

"ဥပါယ်တံမျဉ်" ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသခြင်း အခမ်းအနားကို ဇန်နဝါရီလ (၁၂) ရက်တွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Capital Hyper Market ၏ Mega Ace ရုပ်ရှင်ရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ နှင့် ပါဝင် သရုပ်ဆောင်ထားသည့် သရုပ်ဆောင်များ တက်ရောက်ခဲ့ကြသည်။

ဇာတ်လမ်းအကျဉ်းမှာ ပြည့်စုံခြင်းတွေကို ပိုင်ဆိုင်ထားသည့် မင်းထက် ၏ ဘဝတွင် ဇင်မာသည် ဘုရားပေးသည့် အပိုဆု ဖြစ်ကာ မမျှော်လင့်သည့် အချိုးအကွေ့ တစ်ခုတွင် ပေါ်လာသည့် သူစိမ်းတစ်ချို့မှ ပြည့်စုံလှပနေသည့် ဘဝတစ်ခု ကို ဖျက်စီးဖို့ကြိုးစားကြရာတွင် မင်းထက် ၏ စီးပွားရေး ၊ အိမ်ထောင်ရေး ၊ လူမှုရေးတွေ ကမောက်ကမ ဖြစ်သွား တော့သည်။

ခေါင်းမဖော်နိုင်လောက်အောင် ဆက်တိုက် ထိုးနှက်ချက်တွေအပြီး ဒူးထောက်အရှုံးပေးလုနီးပါးတွင် မင်းထက် အတွက် အမှန်တရား တစ်ခုမှ ရှုံးနိမ့်ခဲ့သမျှတွေ အားလုံးအတွက် ချေ ပနိုင်ဖို့ အလင်းတန်းတစ်ခုလို ပေါ်ထွက်လာသည့် အခါမှာတော့ မင်းထက် တစ်ယောက် သူခံခဲ့ရသလို ပြန်လက်စားချေမလား  လက်စားချေနိုင်သည့် စိတ်မျိုးရှိသလား ၊ ဇင်မာ နှင့် မင်းထက် ဘာဆက်ဖြစ်မလဲ ဆိုတာ ပိတ်ကားပေါ်တွင် ကြည့်ရှုရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly