အမေရိကန် သံရုံးကြေးနန်းများ ဖွင့်ချသူ ဖော်ကောင် အက်ဆန့်ချ်အား အီကွေဒေါက နိုင်ငံသားပေး

အမေရိကန် သံရုံးကြေးနန်းများ ဖွင့်ချသူ ဖော်ကောင် အက်ဆန့်ချ်အား အီကွေဒေါက နိုင်ငံသားပေး

ကီတို၊ ဇန်နဝါရီ ၁၂ ။          ။ အီကွေဒေါနိုင်ငံက အမေရိကန် သံရုံးကြေးနန်းများ ဖွင့်ချခဲ့သူ ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန့်ချ်အား နိုင်ငံသားဖြစ်ခွင့် ပေးလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာရီယာဖာနန်ဒါက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာလိုက်သည်။

အမေရိကန်သံရုံးကြေးနန်းများကို ကြားဖျက်ဖမ်းယူကာ ဖွင့်ချခဲ့သည့် ဖော်ကောင်အက်ဆန့်ချ်သည် ဖမ်းဆီးခံရမည့် ဘေးမှ ရှောင်တိမ်းရန် လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် ငါးနှစ်တာ ခိုလှုံနေခဲ့ရသူဖြစ်သည်။

ကီတိုမြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ဖာနန်ဒါက အက်ဆန့်ချ်သည် ဒီဇင်ဘာ ၁၂ ရက်က စပြီး အီကွေဒေါနိုင်ငံသား ဖြစ်လာမည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။

ထိုအတွက်ကြောင့် အက်ဆန့်ချ်အား ဖမ်းဆီးနိုင်ခြင်း မပြုနိုင်ရန် လန်ဒန်အနေဖြင့် ၎င်းကို သံတမန်တစ်ဦးအဖြစ် အသိအမှတ်ပြုရမည်ဟု အီကွေဒေါနိုင်ငံက တိုက်တွန်းထားသော်လည်း ဗြိတိန်က ငြင်းဆန်ထားသည်။

သံရုံးကြေးနန်းများ ဖွင့်ချခဲ့သူ အက်ဆန့်ချ်သည် ၂၀၁၂ ခုနှစ်အတွင်းက လိင်မှုစွပ်စွဲချက်များနှင့် အမှုရင်ဆိုင်ရန် ဆွီဒင်သို့ နိုင်ငံလွှဲပြောင်းပေးအပ်မည့် ဗြိတိန်တရားရုံးချုပ် စီရင်ချက်အပေါ် အသနားခံခဲ့သော်လည်း အရေးနိမ့်ခဲ့ရာမှ လန်ဒန်ရှိ အီကွေဒေါသံရုံးသို့ ခိုလှုံဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆွီဒင်အစိုးရရှေ့နေများက အက်ဆန့်ချ်အား စွပ်စွဲထားသည့် မုဒိမ်းမှုအပါအဝင် ဖြစ်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုများအပေါ် စုံစမ်းမှုအား မျှော်လင့်မထားဘဲ ပလပ်ခဲ့သည်။ သို့သော်လည်း အီကွေဒေါသံရုံးမှ ခွာပါက အမေရိကန်က ၎င်းအား ဖမ်းဆီးလာမည်ကို စိုးရိမ်လျက် ဆက်လက်နေထိုင်နေခြင်းဖြစ်ရာမှ ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့် ရရှိလာခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly