လက်ရှိအစိုးရသည် မြန်မာပြည်သူ ၁၂ သန်းနှင့်သာ ထိုက်တန်သော အစိုးရဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ပြော

လက်ရှိအစိုးရသည် မြန်မာပြည်သူ ၁၂ သန်းနှင့်သာ ထိုက်တန်သော အစိုးရဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ပြော

ဇန်နဝါရီ ၁၂ ။             ။ လက်ရှိအစိုးရသည် ၎င်းတို့အား ထောက်ခံသော ပြည်သူ ၁၂ သန်းမျှနဲ့သာ ထိုက်တန်သော အစိုးရဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၈ ရက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့် ပွဲအခမ်းအနားတွင် ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ပြောခဲ့သည့် အဖွင့်အမှာစကားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဒီတော့ အထက်ကပြောတဲ့ အရည်အချင်းတွေ  အပြောင်းအလဲတွေကို ၂ နှစ် အတွင်းမှာ ပြောင်းလဲပေးလိုက် တဲ့ လက်ရှိအစိုးရဟာ သူတို့ကို ထောက်ခံမဲပေးလိုက်တဲ့ မြန်မာနိုင်ငံသား ၁၂ သန်းမျှနဲ့သာ ထိုက်တန်တဲ့အစိုးရ လို့သာ ပြောရမှာ ဖြစ်ပါတယ်” ဟု ဦးသန်းဌေးက ဆိုသည်။

ရွေးကောက်ပွဲ အနိုင်ရရုံဖြင့် ပြည်သူအားလုံးနှင့် ထိုက်တန်တဲ့အစိုးရမဟုတ်ကြောင်း ထည့်သွင်းပြောဆိုထား သည်။

“ ပြည်သူတွေဟာ ကိုယ်နဲ့ထိုက်တန်သော အစိုးရကိုသာရတယ်ဆိုတဲ့ စကားတစ်ခု လို့ ကြားဖူးတယ်။ သို့သော် ဒီစကားဟာ အကြွင်းမဲ့ မမှန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကိုယ်ကြိုက်တဲ့ပါတီ၊ ကိုယ်စားလှယ်ကို မဲပေးခွင့် ၊ ရွေးချယ်ခွင့် ရှိတာတော့ မှန်တယ်။ သို့သော်လည်း ရွေးကောက်ပွဲက အနိုင်ရတဲ့ပါတီနဲ့ အဲဒီပါတီက ဖွဲ့တဲ့ အစိုးရ ဖြစ်သွားရုံနဲ့ ပြည်သူအားလုံးနဲ့ ထိုက်တန်တဲ့ အစိုးရဖြစ်ပြီလို့ လက်မခံနိုင်ပါဘူး ။ ထောက်ခံမဲပေးပြီး ရွေးချယ်လိုက်သူများနဲ့သာ ထိုက်တန်တဲ့ အစိုးရလို့ပဲ ပြောလို့ရပါတယ်” ဟု ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ထောက်ခံအားပေးသူများနှင့် ပတ်သက်ပြီး “ ကျွန်တော့်တို့ကို မဲပေးလိုက်တဲ့ ပြည်သူ ၇ သန်းနဲ့တော့ ထိုက်တန်ခြင်း မရှိဘူးလို့ ပြောလို့ ရပါတယ်” ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးနှင့် NLD ပါတီမှ အပ မဲပေးခဲ့သော သူများ၊ မဲပေးခွင့် မရှိသော သူများသည်လည်း ပြည်သူများ ဖြစ်ကြောင်း ၊ မဲပေးခွင့်မရှိသော သာသနာ့ဝန်ထမ်းများနှင့် ထိုက်တန်သော အစိုးရဖြစ်၊ မဖြစ် မေးခွန်ထုတ်စရာ ဖြစ်နေကြောင်းပါ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) မှ အများဆုံးမဲရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီများက မဲများ ခွဲေ၀ ရရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly