လည်ပင်းတွင် ဘီးတာယာ စွပ်မိနေပြီး အသက်ဘေးတွေ့နေသည့် မိကျောင်းအား ကယ်တင်လျက်ရှိ

လည်ပင်းတွင် ဘီးတာယာ စွပ်မိနေပြီး အသက်ဘေးတွေ့နေသည့် မိကျောင်းအား ကယ်တင်လျက်ရှိ

ဂျကာတာ၊ ဇန်နဝါရီ ၁၂ ။         ။ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းတွင် လည်ပင်း၌ ဆိုင်ကယ်ဘီးတာယာ စွပ်နေသည်မှာ တစ်နှစ်ကျော်ထက်မနည်း ရှိနေသည့် ရေငန်မိကျောင်းတစ်ကောင်အား ရှာဖွေကယ်တင်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများပါ ကြီးမှူးကာ စတင်ဆောင်ရွက်နေပြီဖြစ်သည်။

အရှည် ၁၃ ပေနီးပါး ရှိသည့် အဆိုပါ ဒုက္ခသည် မိကျောင်းကို ၂၀၁၆ ခုနှစ်မှစပြီး ဆူလာဝေစီမြို့တော် ပါလုတစ်လျှောက် မြစ်တစ်မြစ်အတွင်း ပုံမှန်လို မြင်တွေ့နေခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ဒေသခံတစ်ဦး မကြာသေးမီက ရိုက်ကူးလွှွှင့်တင်သည့် ဗီဒီယိုအရ မိကျောင်းမှာ အသက်ရှုရာတွင် ဟောဟဲလိုက်ကာ ရှုသွင်းနေရပုံ ဒုက္ခကို မြင်တွေ့ရသည်။

ထိုအတွက် ၎င်းတွင် စွပ်နေသည့် ဘီးတာယာက ကျပ်သထက်ကျပ်လာကာ လည်ပင်းကို ညှစ်အစ်ထားပြီး တစ်ဖြည်းဖြည်း သေဘေးသို့ ပို့နေခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက စိုးရိမ်လာခဲ့ရသည်။

မိကျောင်းကို အိမ်မွေးတိရစ္ဆာန်များအား လာမဆွဲနိုင်အောင် တစ်ဦးဦးက လည်ပင်းမှာ ဘီးတာယာ စွပ်ပေးထားခဲ့ခြင်းဖြစ်မည်ဟု ဒေသခံများက ယူဆထားသည်။

ပါလုတံတားအောက်တွင် သွားလာကျက်စားတတ်သည့် ၎င်းမိကျောင်းကို နောက်ခံယူကာ ဆက်ဖီဓာတ်ပုံရိုက်ခြင်းကလည်း ရေပန်းစားလာပြီး ယင်းကြောင့်ပင် လူသိများသော မိကျောင်းအား အသက်ဘေး ကင်းစေရေးအတွက် လည်ပင်းစွပ်နေသည့် ဘီးတာယာကို ဖယ်ရှားပေးရန် ကြိုးစားလာခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်ကတော့ ဘီးတာယာက မိကျောင်းလည်ပင်းမှာ ချောင်ချောင်ချိချိ ဖြစ်နေသေးတယ်။ ဒါပေမယ့် မိကျောင်း ကြီးထွားလာတာနဲ့အမျှ တာယာက ကျပ်ကျပ်လာတာမို့ ဒီတာယာက မိကျောင်းကို လည်ပင်းညှစ်သတ်လိုက်တဲ့အထိ ကျွန်တော်တို့ စောင့်မနေသင့်တော့ဘူး။ ကျွန်တော်တို့ ကယ်တင်ပေးရမှာ ဖြစ်တယ်။”ဟု ဒေသတောရိုင်းတိရစ္ဆာန်အေဂျင်စီ အကြီးအကဲ Haruna က ပြောခဲ့သည်။

အေဂျင်စီအနေဖြင့် မိကျောင်းအား ဖမ်းဆီးကာ ကယ်ဆယ်ရေး အကူပစ္စည်းများ ချို့တဲ့နေကြောင်းလည်း ၎င်းက ပြောသည်။

မိကျောင်း ဖမ်းဆီးရာတွင် အိပ်မွေ့ဆေးမသုံးရန် အာဏာပိုင်များက တားမြစ်ထားပြီး ထိုသို့ ဆေးသုံးပါက မိကျောင်း ကောင်ရေ ၂၀ ကျော် ကျက်စားရှိနေရာ ယင်းမြစ်အတွင်းမှာပင် ပျောက်ကွယ်ကာ ရှာရဖွေရ ခက်မည်ဖြစ်ကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly