ဒရုန်းများကို အကြမ်းဖက်သမားများ အသုံးချလာမှုနှင့်ပက်သက်၍ ရုရှားစစ်တပ်သတိပေး

ဒရုန်းများကို အကြမ်းဖက်သမားများ အသုံးချလာမှုနှင့်ပက်သက်၍ ရုရှားစစ်တပ်သတိပေး

 

မော်စကို၊ ရုရှား၊ ဇန်နဝါရီ ၁၂ ။           ။ ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းများ ဒရုန်းများနှင့် တိုက်ခိုက်ခံရပြီးနောက်တွင် ယင်းကရိယာများကို အကြမ်းဖက်ရည်ရွယ်ချက်ဖြင့် သုံးစွဲနေသည့်အပေါ် စိုးရိမ်မိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသာပတေးနေ့၌ ပြောခဲ့သည်။

ပြီးခဲ့သောဇန်နဝါရီလ ၆ ရက်နေ့က ဆီးရီးယားရှိ ရုရှားလေတပ်စခန်းတစ်ခုကို ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းဆယ်ခုခန့်နှင့် တိုက်ခိုက်ခံခဲ့ရပြီး တာတပ်စ်ဆိပ်ကမ်းရှိ   ရေတပ်စခန်းတွင်လည်း ဒရုန်း ၃ခုနှင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ရုရှားစစ်တပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းဖြစ်ရပ်များနှင့်ပက်သက်၍ သေဆုံးသူနှင့် ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သော်လည်း ယင်းကဲ့သို့နည်းပညာဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ကမ္ဘာ့ဘယ်နေရာတွင်မဆို ဖြစ်ပွားသွားနိုင်ကြောင်း သတိပေးခဲ့သည်။

“ဒရုန်းတွေကို ကမ္ဘာ့နေရာအနှံ့မှာ အကြမ်းဖက်လုပ်ရပ်အတွက် အသုံးချသွားမယ့်အစီအစဉ်က ခြိမ်းခြောက်မှု ကြီးတစ်ခုဖြစ်လာပါပြီ။ ယခုအချိန်ထိတော့ ကျနော်တို့ရဲ့တပ်သားတွေဟာ ဒရုန်းတွေကို ဝေဟင်မှတဆင့် စူးစမ်းလေ့လာခြင်းအတွက်သာ အသုံးချနေပါတယ်” ဟု ရုရှားဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးနိုဗီကော့ဗ်က မော်စကို၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါကိုနက်ရှ်အန်ကော့ဗ်ကလည်း ယင်းကဲ့သို့ တိုက်ခိုက်ရေး ဒရုန်းများဖန်တီးခြင်းသည် အထူးကောင်းမွန်သည့် နည်းပညာနှင့်ဉာဏ်ရည်ရှိမှသာ ဖြစ်နိုင်မည်ဟု ဆိုခဲ့သည်။

“အကြမ်းဖက်သမားတွေဟာ မောင်းသူမဲ့ဒရုန်းတွေကို နိုင်ငံရပ်ခြားမှာတပ်ဆင်ပြီး အသုံးချနေတယ်ဆိုတာကို ကြည့်ချင်းအားဖြင့် ဒီခြိမ်းခြောက်မှုကို ဆီးရီးယားနိုင်ငံတစ်ခုတည်းမှာသာ ကြုံတွေ့ရမှာမဟုတ်ပါဘူး။ အခြား နိုင်ငံအနံှ့အပြားမှာလည်း ဖြစ်ပွားသွားနိုင်ပါတယ်” ဟု ကိုနက်ရှ်အန်ကော့ဗ်က ပြောခဲ့သည်။

ဒါ့အပြင် သူက “ဒီကိစ္စကို အထူးဂရုပြုဖို့လိုပြီး ဒီခြိမ်းခြောက်မှုတွေ ပပျောက်သွားအောင် နိုင်ငံတကာအဆင့် အနေနဲ့ လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly