ဖေ့ဘွတ်ခ်တွင် စည်ပင်အရာရှိများ၏ ဂုဏ်သိက္ခာပုတ်ခတ်ရေးသားသည်ဟုဆိုကာ တိုင်ကြား

ဖေ့ဘွတ်ခ်တွင် စည်ပင်အရာရှိများ၏ ဂုဏ်သိက္ခာပုတ်ခတ်ရေးသားသည်ဟုဆိုကာ တိုင်ကြား

မကွေး၊ ဇန်နဝါရီ ။            ။ စည်ပင်အရာရှိများ၏ ဂုဏ်သိက္ခာနှင့်ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေရန် ပုတ်ခတ်ရေးသားသည်ဟုဆိုကာ မကွေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးအရာရှိက မြို့နယ်စည်ပင်သာယာရေးသာယာရေးအဖွဲ့မြေတိုင်း ၃ တာဝန်ထမ်းဆောင်နေသူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အမှုဖွင့် ခံထားရသူ  ဦးမျိုးအောင်က ဇန်နဝါရီ ၁၁ရက်နေ့က ဒေသခံ သတင်းမီဒီယာများသို့ ပြောသည်။

“ ပြီးခဲ့တဲ့ အစိုးရခေတ် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး ဦးနေမျိုးနိင် လက်ထက်က ကန်သာလေးကျေးရွာပတ်ဝန်းကျင် ယာမြေတွေကို ကားကြီးကွင်းတည်ဆောက်ဖို့ အကြောင်းပြုပြီး ဒေသခံ တောင်သူတွေဆီကနေ စည်ပင်ငွေနဲ့ ဧက(၃၀)နီးပါ ဝယ်တယ်၊ကားကြီးကွင်းအတွက် အမှန်တကယ် အသုံးပြု မြေက ဧက(၁၀.၁၀)ပဲ မြေစာရင်းမှာ အမည်ပေါက်တယ်။ ကျန်ပိုလျှံမြေတွေကို နဂိုမူလတောင်သူတွေကို ပြန်မပေးဘဲ တာဝန်ရှိသူတွေက အကွက်ရိုက် ရောင်းစားတာတွေကို ပြန်လည်စစ်ဆေးပြီး နဂိုမူလ တောင်သူ တွေပဲ ပြန်ပေးပေး၊  ဒါမှမဟုတ် မကွေးမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင်မြေအဖြစ် ပြန်လည်ရရှိစေရန် ရည်ရွယ်ပြီး အစိုးရအသစ် တက်လာကတည်းက မိမိရဲ့ Facebookအကောင့်ကနေ တင်ပြနေတာပါ” ဟု ဦးမျိုး
အောင်က ပြောသည်။

စည်ပင်အရာရှိများ၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေရန် ပုတ်ခတ်ရေးသားသည်ဟုဆိုကာ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးအရာရှိတစ်ဦးက မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြေတိုင်း(၃)တွင် တာဝန်ထမ်းဆောင်နေသူအား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် မကွေးမြို့မရဲစခန်းတွင် ဇန်နဝါရီလ ၇ ရက်နေ့က အရေးယူထား သည် ဟု မကွေးမြို့မရဲစခန်းမှ သိရသည်။

မကွေးမြို့မရဲစခန်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွပ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မကွေးမြို့မစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅နာရီအချိန်တွင် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးအရာရှိ (စီမံဌာန) ဦးအောင်မျိုးသိန်း က မကွေးတိုင်းဒေသကြီးသတင်းစုံနှင့် မကွေးတိုင်းဒေသကြီး ဟစ်တိုင် လူမှုကွန်ရက်စာမျက်နာတွင် MYO Aung အကောင့်ပိုင်ရှင်သည် ၂၀၁၇ နိုဝင်ဘာလ ၁၃ ရက်နေ့၌ မကွေးမြို့နယ်စည်ပင်ဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိနှင့်အပေါင်းအပါတစ်ချို့အား ဝိုင်းကွက်များ လက်ဝယ်ထားရှိခြင်းနှင့် ရောင်းချစားသောက်နေကြောင်း စာသားများရေးသားခြင်း ၂၀၁၇ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဌာနချင်း၊ လက်ဝါးချင်းရိုက်၍ ဝန်ထမ်းသူခိုးများ၊ ခရိုနီများ လုပ်ကိုင်စားသောက် ရောင်းချပြီး ဂရမ်းများထုတ်ပေးရန် မြေများမဟုတ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည် ဟူသော စာသားများ စသည်ဖြင့် စည်ပင်စီမံအရာရှိနှင့် အရာခံများသည် အိမ်ဝိုင်ကွက်များအား သိန်း(၅၀) သိန်း(၁၀၀) အစရှိသဖြင့် ရောင်းစားခဲ့ပါသည်၊ ငွေကျပ်သိန်းပေါင်းထောင်ချီ၍ အဂတိလိုက်စား ခိုးယူခဲ့ပါသည် ဟူသော စာသားများ ရေးသားခဲ့ခြင်းကြောင့် လက်ရှိတာဝန်ထမ်းဆောင်နေသော မကွေးမြို့ စည်ပင်သာယာ ရေးအဖွဲ့ရုံး အရာရှိများ၏ ဂုဏ်သိက္ခာနှင့်ထင်ပေါ်ကျော်ကြားမှုကို ထိခိုက်စေနိုင်သည် ပုတ်ခတ်ရေးသားမှုများြ ပုလုပ်ခဲ့သည် ဟုဆိုကာ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅နာရီအချိန်တွင် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးအရာရှိ(စီမံဌာန) ဦးအောင်မျိုးသိန်းက Myo Aung အကောင့်ပိုင်ရှင် ဦးမျိုးအောင်အား ဥပဒေအရအရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly