ကောင်းမှုတော်စေတီတော်ကြီး ထုံးသင်္ကန်း ပြန်လည်ကပ်လှူရန် စစ်ကိုင်းမြို့လူထုတောင်းဆို

ကောင်းမှုတော်စေတီတော်ကြီး ထုံးသင်္ကန်း ပြန်လည်ကပ်လှူရန် စစ်ကိုင်းမြို့လူထုတောင်းဆို

မန္တလေး၊ဇန်နဝါရီ ၁၁ ။          ။ စစ်ကိုင်းမြို့တွင် ရှိသည့် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို လုံးတော်ပြည့် ထုံးသင်္ကန်းပြန်လည် ကပ်လှူနိုင်ရန်အတွက် မြို့လူထုများ ဆန္ဒပြု ညှိုနှိုင်းပွဲကို ဇန်နဝါရီလ ၁၁ ရက်၊နံနက် ၉ နာရီက စစ်ကိုင်းမြို့ ၊ပိုးတန်းရပ်ကွက်ရှိ သုဓမ္မာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

"ဒီကောင်းမှုတော်ကြီး ထုံးသင်္ကန်းပြန်ကပ်ရေးအတွက် တစ်မြို့လုံးရဲ့ဆန္ဒနဲ့လုပ်တယ်ဆိုတာ သိအောင် ဒီပွဲကို လုပ်ပါတယ်။ ဒီပွဲပြီးတာနဲ့ အဖွဲ့လိုက်၊အဖွဲ့လိုက် ရပ်ကွက်တွေထဲဆင်းပြီး ဆန္ဒမဲတွေ ကောက်ကြမယ်။ အဲဒါတွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြမယ်။"ဟု မြို့မိ၊မြို့ဖ အတွင်းရေးမှူး ဦးဇော်ဝင်းကပြောသည်။

ဆန္ဒပြု ညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းမြို့ရှိ လူမှုပရဟိအသင်း ၆၀ ကျော်နှင့်မြို့ခံလူထုတို့ တက်ရောက် ဆွေးနွေးညှိနှိုင်းကြရာ အားလုံးက ထုံးသင်္ကန်လုံးတော်ပြည့် ပြန်လည်ကပ်ရန် သဘောတူခဲ့ကြပြီး ဆန္ဒပြု လက်မှတ်များ ရေးထိုးခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် လေးကျွန်းမြေရပ်ကွက်မှ အသက် ၆၅ နှစ်အရွယ် ဦးဌေးမင်းက "ထုံးဖြူဖြူဖွေးဖွေးနဲ့ မသေခင် ဖူးမြှော်သွားချင်တယ်။ ထုံးသင်္ကန်းကပ်ခွင့်ရဖို့ အားလုံးကြိုးစားရမှာပါ။"ဟု ပြောသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မာရာဇာ မဟာဓိပတိ သာလွန်မင်းတရားကြီးက သက္ကရာဇ် ၉၉၈ခုတွင် စတင်တည်ခဲ့ကာ သက္က္တရာဇ် ၁၀၁၂ခုနှစ်တွင် ပြီးစီးခဲ့ပြီး ခေတ်အဆက်ဆက် ထုံးသင်္ကန်သာဆက်ကပ်ခဲ့ရာမှစစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ တွင် ရွှေသင်္ကန်းပြောင်းလဲ ကပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောင်းလဲကပ်ခဲ့စဉ်ကလည်း မြို့လူထု၏ သဘောဆန္ဒ တောင်းခံခဲ့ခြင်းမရှိကြောင်း သိရသည်။

"ရွှေသင်္ကန်းကပ်တုန်းကလည်း မြို့လူထုရဲ့သဘောဆန္ဒကို မတောင်းဘူး။ ဒီအတိုင်း ကပ်သွားတယ်။ မြန်မာပြည် အနှံ့က လာရောက်ဖူးမြှော်သူရော၊မြို့လူထုရောက ထုံးဖြူဖြူနဲ့စေတီတော်ကိုပဲ ဖူးတွေ့ခွင့် ရချင်ကြတာပါ။"ဟု မြို့မိ၊မြို့ဖ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

ကောင်းမှုတော် စေတီတော်ကြီး ဂေါပက ဥက္ကဋ္ဌ ဦးတုတ်က" ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရ ရွှေသင်္ကန်း ကပ်မယ်ဆိုလည်း လုပ်ပေးမှာပဲ။ ထုံးသင်္ကန်ပဲ ကပ်ဆိုလည်း လုပ်ပေးမှာပါ။အစိုးရကခိုင်းတဲ့ ညွှန်ကြားတဲ့ အတိုင်းပဲ လုပ်သွားမှာပါ။"ဟုပြောသည်။

ထုံးသင်္ကန်း ကပ်ခွင့်ရရှိစေရန်အတွက် မြို့လူထုအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆန္ဒပြု လက်မှတ်များဖြင့် တောင်းဆိုသွားမည် ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့မှခွင့်ပြုမပေးပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly