စားသောက်ကုန်များတွင် သုံးစွဲခွင့် မပြု ဆိုးဆေးများ သုံးထားပါက အဆင့် ၃ ဆင့်ဖြင့် အရေးယူသွားမည်

စားသောက်ကုန်များတွင် သုံးစွဲခွင့် မပြု ဆိုးဆေးများ သုံးထားပါက အဆင့် ၃ ဆင့်ဖြင့် အရေးယူသွားမည်

မကွေး ဇန်နဝါရီ ၁၁ ရက် ။           ။ သုံးစွဲခွင့် ပြုမထားသည့် ဆိုးဆေးများ သုံးထားသည်ဟု သံသယရှိ စားသောက်ကုန်များအား ဝယ်ယူ စစ်ဆေးပြီး အဆင့် ၃ ဆင့်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း စားသောက်ကုန်ထုတ်လုပ်၊ရောင်းချ၊ဖြန့်ချိနေသော လုပ်ငန်းများအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်နေပြီး စစ်ဆေးရာတွင် ပထမအကြိမ်၌ ပြင်းထန်စွာ သတိပေးပြီး ပစ္စည်းသိမ်းခြင်း ဖျက်စီးခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

ဒုတိယအကြိမ် သက်ဆိုင်သော လိုင်စင်များသိမ်းဆည်းခြင်း၊ တတိယအကြိမ်တွင် တရားဥပဒေလမ်းကြောင်းအရ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာပြည့်ထူးက ပြောသည်။

“ စစ်ဆေးဖို့ သွားတဲ့အခါတွေမှာ ရက်ဘစ်တက်စကစ်လို့ခေါ်တဲ့ စစ်ဆေးတဲ့ ကိရိယာတွေ ယူသွားမယ်၊ အဓိက ဖော်မလင်ပေါ့၊ ပဲပြားတို့ ၊ မုန့်ဖတ်တို့ကို ဈေးတွေထဲမှာ စစ်သွားမယ်၊ ဒိတ်လွန်တဲ့ ကိစ္စတွေအပြင် ဆိုးဆေးနဲ့ပတ်သက်ပြီး တရားလွန် ဆိုးဆေးတွေသုံးထားသလား၊ တရားလွန်ဆိုတဲ့နေရာမှာ ခွင့်ပြုချက်ရှိတဲ့ ဆိုးဆေးကို တရားလွန် ဆိုးထားတာ ရှိလား၊ ဒါဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ဒါတွေကိုလည်း ထိန်းချုပ်သွားမယ်၊ သုံးစွဲခွင့် ပြုမထားတဲ့ ဆိုးဆေးတွေ သုံးထားတယ်လို့ သံသယရှိရင် ဝယ်မယ်၊ စစ်မယ်၊ စစ်လို့ တွေ့လို့ရှိရင် ဒါတွေကိုပါ ဆက်တိုက် အရေးယူသွားဖို့ ရှိတယ်” ဟု ဒေါက်တာပြည့်ထူးက ဆိုသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “ ဖော်မလင်ဆိုတာ ဆေးရုံတွေ အပါအဝင်ပေါ့ လူသေတဲ့အခါ မပုပ်မသိုး အနံအသက် မထွက်ရအောင်၊ ရက်ကြာကြာ ထားလို့ရအောင် သုံးတဲ့ဓါတုဆေးဝါးဖြစ်တယ်၊အခု စားသောက်ကုန်တွေမှာ ကြာရှည်ထားခံရအောင် ဒီဖော်မလင်တွေ သုံးလာနေတာ စားသောက်သူတွေအတွက် အင်မတန် အန္တရာယ် ရှိနေတယ် ဒါကြောင့် မြန်မာနိင်ငံအနှံနဲ့ မကွေးတိုင်းမှာ ဒါတွေကို အသေအချာ စစ်ဆေးအရေးယူဖို့ လိုအပ်ပါတယ်” ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ဒေသခံ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ တိုင်းကျန်းမာရေးဦးစီးဌာနညွန်ကြားရေးမှူ း ဒေါက်တာထွန်းအောင်ကြည် က အစားအသောက်နှင့်   ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့က ပြည်သူများ၏ စားသောက်ကုန် ဘေးကင်းလုံခြုံရေး အတွက် ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

အရေးယူမည့် အပိုင်းကို အဆင့်ချင်းအလိုက် လုပ်ဆောင်သွားမည်ဖြစ်သော်လည်း လတ်တလောတွင် ဒိတ်လွန် စားသောက်ကုန်များကို အဓိကထိန်းချုပ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေပြီး ဈေးကွက်ထဲမှ Expire Date ဖြစ်နေသည့်မုန့်များ ပျောက်ကွယ်သွားရန် အဆိုပါကော်မတီမှ ဆန္ဒရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly