ဟားခါးမြို့နယ် မိုးသည်းမြေပြိုသဖြင့် နေအိမ် ၅၁၇ လုံးပြိုကျ၊ လေ့လာမှုများ တစ်လခန့်ကြာမည်ခန့်မှန်း

ဟားခါးမြို့နယ် မိုးသည်းမြေပြိုသဖြင့် နေအိမ် ၅၁၇ လုံးပြိုကျ၊ လေ့လာမှုများ တစ်လခန့်ကြာမည်ခန့်မှန်း
photo - သတင်းစဉ်

သြဂုတ် ၂၂ ရက် ။           ။ ချင်းပြည် ဟားခါးမြို့တွင် ဇူလိုင် ၂၄ ရက်မှစတင်၍ မိုးသည်းခဲ့ပြီး မြေပြိုမှုများကြောင့် မြို့ပေါ်ရပ်ကွက်နှင့် အနီးဝန်းကျင် ကျေးရွာများမှ နေအိမ် ၅၁၇ လုံးပြိုကျခဲ့သည်ဟု ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူးကပြောသည်။

ထို့ပြင် လူနေထိုင်ရန် အန္တရာယ်ရှိသည့် နေအိမ် ၄၀၀ ခန့်ရှိနေပြီး၊ ကယ်ဆယ်ရေးစခန်း ၇ ခုတွင် လူဦးရေ ၅,၀၀၀ ကျော် ရှိနေကြောင်းလည်း အုပ်ချုပ်ရေးမှူးအားကိုးကားပြီး သြဂုတ် ၂၂ ထုတ်နိုင်ငံပိုင် သတင်းစာက ဖော်ပြသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖိတ်ကြားမှုကြောင့် ယခုအခါ ယင်းဒေသရှိ မြေပြိုကျမှု၊ မြေအက်ကွဲမှုများနှင့် စပ်လျဉ်းပြီး ဘူမိဗေဒဓာတ်သတ္တုရှာဖွေရေးဌာနနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းတို့မှ ဘူမိဗေဒ ဆိုင်ရာပညာရှင်များက လေ့လာ စမ်းစစ်မှုများ ပြုလုပ်နေကြသည်။

ဟားခါးမြို့၏ မြေဧရိယာအား အန္တရာယ်ရှိမရှိသိနိုင်ရန် ဇုန်အလိုက်လေ့လာသွားမည်ဖြစ်သည်။ မြေဆီလွှာအား ခိုင်ခံစေရန်ကာကွယ်နိုင်မည့်နည်းလမ်းများလည်း အချိန် တစ်လခန့်ယူပြီး သုတေသနပြု ရှာဖွေကြမည်။ တွေ့ရှိသည့် အချက်အလက်များအပေါ်အခြေခံ၍ လုပ်သင့်သည့် ဆောင်ရွက်ချက်များကို ပြည်နယ်အစိုးရနှင့် ဒေသခံများကို တင်ပြသွားမည်ဟု သိရသည်။

ဇူလိုင်လအတွင်းက မိုးသည်းထန်ပြီး ရေတိုက်စားမှုများကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ ရုန်းတောင်သည် ဇူလိုင် ၃၀ မှစ၍ တောင်ကျရေများနှင့်အတူ ရွံ့ရေများ၊ သစ်ပင်ကြီးများ ပြိုကျလာ သဖြင့်တောင်ဝန်းကျင်မှ နေအိမ်များ၊ ဈေးဟောင်းနှင့် မြို့ဟောင်းရပ်ကွက်ရှိနေအိမ်များနှင့် စာသင်ကျောင်းများအား မြေပြိုမှုအန္တရာယ်ရှိသဖြင့်ဘေးလွတ်ရာ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြောင်းရွှေ့ ထားရသည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သည်။

ယခင်ကြိုတင်လေ့လာမှုများအရ ချင်းပြည်နယ်မြေသားမှာ အခြားပြည်နယ်နှင့် တိုင်းများနှင့်နှိုင်းယှဉ်လျင် အပေါ်ယံ ခိုင်မာမှုအားနည်းပြီး၊ အောက်ခံကျောက်သားမှာ သက်တမ်းနုသည် ဟုလေ့လာစမ်း စစ်ရေးအဖွဲ့ဝင် တစ်ဦးက မဇ္ဈိမသို့ ဖြေကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly