ဇန်နဝါရီ ၁၁ ။ ။ လက်ဘနွန်နိုင်ငံတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ဆီးရီးယား ဒုက္ခသည်အမျိုးသားတစ်ဦး ကုလသမဂ္ဂရုံးတစ်ရုံးရှေ့၌ သူ့ကိုယ်သူ မီးရှို့သတ်သေရန် ကြိုးပမ်းခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သို့သော် ယင်းဖြစ်စဉ်တွင် ၎င်းမှာ အသက်မသေဘဲ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများသာ ရရှိသွားခဲ့သည်။
အဆိုပါ အမျိုးသားသည် ၎င်း၏ မိသားစု အကူအညီဖြတ်တောက်ခံရပြီးနောက် ကြံရာမရ ဖြစ်ပြီး ယခုကဲ့သို့ မီးရှို့သတ်သေရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အသက် ၄၃ နှစ်အရွယ် ရီယက်ဒ် ခါလာ ဇီဘော်အမည်ရ ကလေး လေးဦး၏ ဖခင် အမျိုးသားသည် လက်ဘနွန်မြောက်ပိုင်း ထရီပိုလီမြို့ရှိ ကုလဒုက္ခသည်အေဂျင်စီ UNHCR ရုံးတစ်ရုံးရှေ့၌ ယခုကဲ့သို့ သူ့ကိုယ်သူ မီးပြန်ရှို့ခဲ့ခြင်း ဖြစ်သည်။
" ဒီ ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် များစွာသော ဒုက္ခသည်တွေမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ၊ ဖိအားတွေကို မြင်နိုင်ပါလိမ့်မယ်၊ သူတို့တွေ တစ်ဖြည်းဖြည်းနဲ့ ပိုပြီး ထိခိုက်ခံစားလာရတော့ အခုလိုမျိုး ကြံရာမရတွေ လျှောက်လုပ်ကုန်တော့တာပါပဲ" ဆိုပြီး UNHCR နှင့် WFP တို့က ထုတ်ပြန်ပြောကြားသည်။
ခါလာ ဇီဘော်ကိုတော့ ယခုအခါ ဆေးရုံကို တင်ပို့ကုသပေးထားတယ်လို့လည်း သိရပါတယ်။
ခါလာနဲ့ သူ့မိသားစုဟာ စစ်ဖြစ်နေတဲ့ အလက်ပိုမြို့က လာသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ လေးလလောက်ကတည်းက ကုလသမဂ္ဂအကူအညီ ဖြတ်တောက်ခံခဲ့ရပြီးကတည်း က ရပ်တည်နိုင်စွမ်း မရှိတော့ဘူးလို့ ဇနီးဖြစ်သူ နာဒီယာက ပြောသည်။ " ကျွန်မတို့မှာ စားစရာ လည်း မရှိတော့ဘူး၊ အကြွေးကလည်း လည်ပင်းနစ်နေပြီ၊ ကျွန်မယောကျ်ားမှာလည်း အလုပ်မရှိဘူး၊ သူအလုပ်ရှာနေတာကြာပါပြီ၊ ဘယ်မှာမှ မရခဲ့ပါဘူး" ဟု ဆိုသည်။
ကုလသမဂ္ဂကတော့ ပြီးခဲ့တဲ့လများစွာအကြာကတည်းက ဆီးရီးယားမိသားစုတွေကို အစားအစာနဲ့ ငွေကြေးအကူအညီ ထောက်ပံ့မှုကို ရပ်ဆိုင်းထားလိုက်တာဖြစ်ပြီး အချို့တဲ့ဆုံးသော မိသားစုတွေကို ပိုမိုအာရုံစိုက် ထောက်ပံ့ဖို့ လုပ်ဆောင်နေလျက်ရှိပါတယ်။