သေချာစီစစ်လက်ခံသွားမှာဖြစ်လို့ လူဦးရေ ကန့်သတ်မထားဘူး

သေချာစီစစ်လက်ခံသွားမှာဖြစ်လို့ လူဦးရေ ကန့်သတ်မထားဘူး

ဒေါက်တာဝင်းမြတ်အေးနှင့် အင်တာဗျုး

 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူပေါင်း သိန်းနှင့်ချီ ထွက်ပြေး သွားခဲ့တယ်လို့ ကုလသမဂ္ဂမှ သတင်းထုတ်ထားပါတယ်။

ဒီလူတွေကို ပြန်လည်လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်ရယူခဲ့ပြီး ဒီလ နောက်ဆုံးပတ် မှာ လက်ခံသွားမယ့်အစီအစဉ်တွေ စတင်တော့မှာပါ။ ဒီအချိန်အတောအတွင်းမှာပဲ ARSA အဖွဲ့မှ ပြန်လည်တိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့အပေါ်မှာ ပြန်လည် လက်ခံရေး အစီအစဉ်ပြင်ဆင်နေတာ ဘယ်လိုအခြေအနေရှိနေလဲဆိုတာနဲ့ ပတ်သက်ပြီး  ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို မဇ္ဈိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့သူတွေကို လက်ခံဖို့ ပြင်ဆင်နေတဲ့ အခြေအနေလေး ဘယ်လိုရှိနေလဲခင်ဗျ။

ဖြေ။       ။ နှစ်နိုင်ငံ သဘောတူစာချုပ်အရတော့ လက်ခံမယ့်ရက်က ကပ်လာပါပြီ။ ပြန်လာတော့မယ့် လူတွေ ရှိရင် ဇန်နဝါရီ ၂၂ ၊ ၂၃ ဆို စရတော့မှာပေါ့နော်။ ပြန်လာမယ့်သူတွေကလည်း ရှိမယ်လို့ ယူဆရတယ်။ ဒါပေမယ့် ဟိုဘက်က စာရွက်စာတမ်း ပြန်ပို့တာတော့ မရှိသေးဘူး။ စာရွက်စာတမ်းပြန်ပို့ပြီဆိုရင်တော့ ပြန်လာမယ့်စာရင်းကို သိရမယ်ပေါ့။ ဒါက သဘောတူညီချက်အရ ဒီကတော့ ပုံစံတွေကတော့ ပို့ထားပြီးပြီ။ ၁၅ ရက်နေ့ အစည်းအဝေးတစ်ခုရှိတယ်လို့ သိထားတယ်။ နှစ်နိုင်ငံ Working Group တွေ အစည်းအဝေးရှိမယ်။ အဲ့ဒီအခါကျရင်လည်း ပုံစံတွေပို့ပေးမယ်။ အခုလည်း ပုံစံတွေအများကြီးပို့ထားတယ်။ ပေးထားတဲ့ပုံစံတွေဖြည့်ပြီး ပြန်ပို့ပေးတဲ့သူတွေကို လက်ခံသွားမယ်။ ထုံးစံအတိုင်း စာချုပ်မှာ ပါတဲ့အတိုင်း စိစစ်လက်ခံသွားမယ်။ ဝင်လာတဲ့သူတွေအတွက် လက်ခံတဲ့စခန်းကို ကျွန်တော်တို့တာဝန်အရ အဆင်သင့်ပြင်ထားရမယ်။ ဒါကိုလည်း ပြင်နေပြီ၊ ပြင်နေတဲ့အခြေအနေက တောင်ပြိုလက်ဝဲက တော်တော်လေးပြီးနေပြီ။ မျက်စိနဲ့ကြည့်လိုက်ရင်တော့ ပြီးပြည့်စုံတဲ့အနေအထားတော့မဟုတ်ဘူး။ ဘာကြောင့်လဲဆို ပြင်ဆင်ရတဲ့ကာလက တိုတောင်းတယ် ။ နှစ်လတောင် မပြည့်သေးဘူး၊ သဘောတူပြီးနောက်ပိုင်းမှာ အစီအစဉ်တွေလုပ်ရတာကိုး။ ဒါပေမယ့် လပိုင်းလေးပဲ ရှိသေးတာကြောင့် လုပ်ရကိုင်ရတာက အခက်အခဲတွေအများကြီးရှိတော့လည်း ကြိုးစားပြီး ဆောင်ရွက်နေတယ်။ လက်ခံတဲ့အချိန်ကျရင်  အဆင်သင့်ဖြစ်မယ်။ ဒါကတော့ လက်ခံရေးစခန်းတွေကို ပြင်ဆင်တဲ့ အပိုင်းပေါ့နော်။

မေး။    ။ ပြန်လာတဲ့သူတွေကို ဘယ်လိုနေရာချ ထားပေးမလဲ ခင်ဗျ။

ဖြေ။       ။ သူတို့ကို ကြားစခန်းမှာ ခဏထားမယ်။ အဲ့ဒီနေရာက လှဖိုးခေါင်လို့ခေါ်တယ် ။ လှဖိုးခေါင်မှာက ပစ္စည်းတွေ ပုံထားပြီ။ ပစ္စည်းတွေကို ဆင်တာ ဆောက်တာ ရှစ်ခန်းတွဲ ယာယီအိမ်အခန်းလေးတွေလုပ်တာပေါ့။ အကုန်လုံးက ရယ်ဒီမိတ် ပစ္စည်းလေးတွေကို လုပ်တာမို့လို့ တစ်ပတ် ဆယ်ရက်အတွင်းမှာ အလုံးပေါင်းများစွာ တစ်ခါတည်းပြီးမယ်။ အခုလက်တလော လှဖိုးခေါင်မှာ ကြည့်လိုက်ရင် လှဖိုးခေါင်ဆိုတဲ့ နေရာက ကျယ်ပြန့်တဲ့ နေရာတစ်ခုဖြစ်တယ်။ မြေတွေဘာတွေပြုပြင်ထားတယ်။အဲ့ဒီမှာ ဆောက်ဖို့အတွက် ပစ္စည်းတွေလဲ ရောက်ပြီ။ ပြန်လက်ခံမယ့်အချိန်မရောက်ခင် ပြီးတယ်။ ကြားစခန်းဖြစ်တဲ့ လှဖိုးခေါင်မှာလဲ အဆင်သင့်ဖြစ်မယ်။ ကြားစခန်းဆိုတာကတော့ ရက်အနည်းငယ်နေရမယ်။ ဒါမှမဟုတ် လအနည်းငယ် နေရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အိမ်တွေဆောက်နေတဲ့ အချိန်အတွင်းပေါ့နော်။ တစ်ချို့နေရာတွေကလဲ မဆောက်ရသေးဘူး၊ ဒီကာလက ဒီအတိုင်းပဲရှိနေမှာ ဆောက်ပြီးသားအဆင်သင့်တော့ ရှိမနေဘူးလေ။ သို့သော် ဆောက်တဲ့အခါမှာ အဆင်သင့်ဖြစ်ဖို့ ဆောက်မယ့် အစီအစဉ်တွေလည်း ဆောင်ရွက်ထားပြီးပြီ။ ဒီတော့ ပြန်လာတဲ့သူတွေအနေနဲ့ ကြားစခန်းမှာ နေလို့ရတယ်။ ဆောက်မယ့်နေရာတွေသွားမယ်ဆိုရင်လည်း ကျွန်တော်တို့က မိုးလုံလေလုံ တဲတွေထိုးပေးမယ်။ အဲ့ဒီနေရာမှာ နေရင်းနဲ့ အိမ်ဆောက်မယ့် နေရာမှာ ပါဝင်လို့ရမယ်။ ကြားစခန်းမှာလည်း လာသမျှ လူအကုန်လုံး နေဖို့မလိုဘူး။ အလုပ်ထဲမှာ မပါဝင်ချင်တဲ့သူတွေအနေနဲ့ ကြားစခန်းမှာ နေချင်လည်း ရတယ်။ အလုပ်ထဲ လိုက်ပါချင်တဲ့သူတွေအနေနဲ့ ဘာရမလဲဆိုတော့ Cash for work ဆိုတဲ့ အစီအစဉ် ဖြစ်တဲ့အတွက် နေ့စားခတွေ၊ ဘာတွေရမယ်ပေါ့။ အဆင်ပြေမှာပါ၊ ကျွန်တော်တို့ကတော့ ပြန်လက်ခံဖို့အတွက် အဆင်သင့်ဖြစ်ပါတယ်။

မေး။    ။ အစိုးရဘက်ကရော လူဦးရေ ဘယ်လောက်အထိ လက်ခံသွားမယ်လို့ စဉ်းစားထားလဲ။

ဖြေ။       ။ ကျွန်တော်တို့ဘက်ကတော့ လူဦးရေကန့်သတ်ထားတာ လုံးဝမရှိဘူး။ ဒီဘက်မှာ နေဖူးတဲ့သူတွေ ဟိုဘက်ကို ထွက်သွားတဲ့သူတွေ ဒီဘက်မှာ နေခဲ့ပြီးတော့ ပြီးခဲ့တဲ့ ပဋိပက္ခ ကာလမှာ ဟိုဘက်ကို ထွက်သွားတဲ့ သူတွေကို စိစစ်ပြီးတော့ နေခဲ့တဲ့သူ သေချာရင် စိစစ်ပြီးလက်ခံမှာမို့လို့ အကန့်အသတ်မရှိဘူး။ ဟိုဘက်မှာ ဘယ်လောက်ရောက်နေလဲ ဆိုတာကို အတိအကျမသိနိုင်ဘူး။ မသိနိုင်တော့ ကန့်သတ်လို့လည်း မရဘူး။ အကန့်အသတ်ဆိုတာလည်း မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့က လုပ်ငန်းစဉ်တွေအကုန်လုံးကို အဆင်သင့် ဖြစ်အောင်လုပ်ထားတယ်။ အရေအတွက်ကိုတော့ အကန့်အသတ်မရှိပါဘူး။

မေ။     ။ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက်ရော ဘယ်လိုမျိုး စီစဉ်ထားတာရှိလဲ။

ဖြေ။       ။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်လို့ Cash for Work  ဆိုတာရှိတယ်။ အဲ့ဒါက ကျယ်ပြန့်တယ်၊ ဆိုလိုတာက အလုပ်လုပ်တယ်၊ငွေရတယ်၊ တကယ်တမ်းတော့ အဲ့ဒါ အလုပ်အကိုင်အ ခွင့်အလမ်း ဖန်တီးပေးတာပဲ ။ အိမ်ဆောက်တာကလည်း ဆောက်လုပ်ရေးတွေက အများကြီးလုပ်ရမှာ အိမ်အလုံးပေါင်း သုံးသောင်းလေးသောင်း ဆောက်ရမှာဆိုတော့ အများကြီးပဲ ဝင်ငွေရနိုင်မယ့် အနေအထားပါ။ နောက်တစ်ခုက နဂို ငါးဖမ်းတာရှိတယ်၊ တောတောင်သွားတာရှိတယ်။ ဒီအခြေအနေတွေကလဲ ပြန်ပြီးတော့ ဖြစ်ထွန်းလာမှာပေါ့နော်။

မေး။    ။ ARSA က ပြန်လည်တိုက်ခိုက်မယ် ဆိုပြီး ကြေညာထားတာရှိတယ်။ ဆိုတော့ ဒီပြန်လည်လက်ခံမယ့် ကိစ္စအပေါ် ထိခိုက်မှု ရှိလာနိုင်မလား။

ဖြေ။       ။ ဒီကိစ္စကတော့ လုံခြုံရေးပေါ့နော်။ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ တကယ်တော့ ဒါက(ပြန်လည်လက်ခံရေးအစီအစဉ်) ကောင်းတဲ့ကိစ္စလည်း ဖြစ်တယ်။ ဒီမှာနေသွားတဲ့သူတွေတစ်ဖက်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားတယ် ။ အစိုးရအနေနဲ့ ပြန်လက်ခံရမယ့် ဝတ္တရားရှိတဲ့အတွက်ကြောင့် ကောင်းတဲ့လုပ်ငန်းစဉ်ကို လုပ်နေတာမို့လို့ ကျွန်တော်မျှော်လင့်တာကတော့ ကူညီမယ့်သူတွေ စောင့်ရှောက်မယ့်သူတွေများပါစေလို့ ဆုတောင်းနေတယ်။ အဲ့ဒီလိုပဲ ဖြစ်စေချင်တယ်၊ ဒီအနှောင့်အယှက် အဟန့်အတားတွေက အကျိုးမရှိပါဘူး။ ဒါကြောင့်မို့လို့ အနှောင့်အယှက်အဟန့်အတားတွေတော့ မဖြစ်စေချင်ဘူး။

အစိုးရအနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၂ ရက် ၊၂၃ ရက်တွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲနှင့် ငါးခူရ ကျေးရွာတို့တွင် ပြန်လည်လက်ခံရေးဂိတ်များ ဖွင့်လှစ်လက်ခံသွားမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly