မုံရွာမြို့နယ် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးသော အချုပ်သားတစ်ဦး ပြန်လည်ဖမ်းမိ

မုံရွာမြို့နယ် တရားရုံးအချုပ်ခန်းမှ ထွက်ပြေးသော အချုပ်သားတစ်ဦး ပြန်လည်ဖမ်းမိ
ဓာတ်ပုံ- ပြည်ထဲရေး

 

ဇန်နဝါရီ ၁၁ ။                        ။ မုံရွာမြို့နယ်၊ တရားရုံး အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော  တရားခံများအနက် တစ်ဦးအား ယောက္ခမဖြစ်သူ နေအိမ်မှ ဇန်နဝါရီလ ၉ ရက်က ပြန်လည် ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်သည်။

၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ထွက်ပြေးသွားသူတစ်ဦးဖြစ်သော ခရိုင်တရားရုံး ရာကြီးအမှတ် ၄၄/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)၊ ၂၁ အမှုမှ နောင်ရဲ၊ (၂၉)နှစ်အား မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ၎င်း၏ယောက္ခမနေအိမ်မှ ပြန်လည် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး မုံရွာနယ်မြေရဲစခန်း၌ ချုပ်နှောင်ထားရှိထားကာ လက်ရှိတွင် ၄ ဦးကို ပြန်လည်ဖမ်းမိထားပြီ ဖြစ်သည်။

မုံရွာမြို့နယ်၊ တရားရုံး အချုပ်ခန်း၌ ချုပ်နှောင်ထားရှိသည့် ရုံးထုတ်အချုပ်တရားခံ ၅၆ဦး(ကျား ၅၅၊ မ ၁)တို့ အနက်မှ ရုံးစစ်တရားခံ ကျော်စွာထွန်း၊ (၁၈)နှစ်ပါ ကျား ၇ ဦးသည် အချုပ်ခန်း အနောက်တောင်ဘက်ရှိ အမိုး သစ်သားတိုင်များအား ချိုးဖျက်ပြီး ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။

ထွက်ပြေး တရားခံ ၇ ဦးအနက်မှ ကျော်စွာထွန်းပါ ၃ ဦးအား ရုံးကြီးရပ်ကွက်အတွင်းမှ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ကတည်းက ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ယခု ၄ ယောက်မြောက်  ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ကျန်ရှိတရားခံ တိုးနိုင်(၄၃)နှစ်၊ ဇော်မင်းနိုင်(ခ)ဇော်ကြီး (၂၈)နှစ် နှင့် အောင်ပြည့်စုံဟိန်း(၂၀)နှစ်ပါ ၃ ဦးတို့အား ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းလျက်ရှိကြောင်း  ပြည်ထဲရေးမှ ထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly