အစိုးရနှင့် နားလည်မှုလွဲမှားခြင်းအား ဖြေရှင်းရန် အပစ်ရပ် ၈ ဖွဲ့မှ PPST အရေးပေါ် အစည်းအဝေး ပြုလုပ်

အစိုးရနှင့် နားလည်မှုလွဲမှားခြင်းအား ဖြေရှင်းရန် အပစ်ရပ် ၈ ဖွဲ့မှ PPST အရေးပေါ် အစည်းအဝေး ပြုလုပ်
ဓာတ်ပုံ- NCA EAOs ဖေ့ဘွတ်ခ်

ချင်းမိုင်၊ ဇန်နဝါရီလ ၁၁ ။          ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များပါဝင်သော PPST အရေးပေါ် အစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ စတင်ကျင်းပနေသည်။

ထိုအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအတွက် ပြင်ဆင်သော လုပ်ငန်းစဉ်တွင် EAOs နားလည်ထားသည့် အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်မှု လုပ်ငန်းစဉ် အဆင့်ဆင့်များအပေါ် နားလည်ထားမှုနှင့် အစိုးရဘက်က နားလည်ထားမှုများ မတူညီမှုများကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် PPST အကြား တိုင်ပင်ညှိနှိုင်းရန် ကျင်းပခြင်း ဖြစ်သည် သဘာပတိ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ အဖွင့်မိန့်ခွန်းတွင် ပါရှိသည်။

“ကျွန်တော်တို့ကို EAO ဆိုပြီး တစ်ဖွဲ့တည်းမြင်နိုင်ပေမဲ့ အမှန်က မတူညီတဲ့ အခြေခံရှိတဲ့ အဖွဲ့ ၈ ဖွဲ့ရဲ့ စုစည်းထားမှု တစ်ခုသာ ဖြစ်ပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခြေခံပြီး အန်စီအေ လမ်းကြောင်းမှ အစိုးရ၊ တပ်မတော် အပါအဝင် သက်ဆိုင်ရာ Stakeholdersများနှင့်တူ ညှိနှိုင်းလုပ်ဆောင် အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ မိန့်ခွန်းတွင် ပါရှိသည်။

လူထုတွေ့ဆုံပွဲများ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများသည် နိုင်ငံရေး ယဉ်ကျေးမှုအသစ်၏ ကျောရိုးများ ဖြစ်၍ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောဆိုထားသည်။

အပစ်ရပ်အဖွဲ့အစည်း ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းတွင် အခက်အခဲ၊ စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် အဖြေကောင်းရရှိရေးဆွေးနွေးကြရန် တိုက်တွန်းထားသည်။

ထို့ပြင် ၎င်းအစည်းအဝေးတွင် PPST ခေါင်းဆောင်များ အပါအဝင် JMC မှ ခေါင်းဆောင်အချို့၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးရေးအဖွဲဝင်များကိုလည်း ဖိတ်ကြားထားပြီး မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ညှိနှိုင်းအဖြေရှာသွားကြရန်လည်း တိုက်တွန်းထား သည်။

အဆိုပါ အစည်းအဝေးကို ဇန်နဝါရီလ ၁၁ ရက်မှ ၁၃ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

NCA လက်မှတ်ထိုးအဖွဲ့ ၈ ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်များတွင်လည်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် အစည်းအဝေး ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး တွင် တင်ပြမည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူကြမ်းကို သဘောတူခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags