ပါရီရာသီဥတုသဘောတူညီမှု၌ အမေရိကန် ပြန်ပါ၀င်ဖွယ်ရှိဟု ဒေါ်နယ်ထရမ့် ပြော

ပါရီရာသီဥတုသဘောတူညီမှု၌ အမေရိကန် ပြန်ပါ၀င်ဖွယ်ရှိဟု ဒေါ်နယ်ထရမ့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ။          ။ ပါရီရာသီဥတုသဘောတူညီမှုတွင် အမေရိကန်နိုင်ငံက ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသည်ဟု ယခင်က အဆိုပါ သဘောတူညီမှုမှ မည်သည့်လှုပ်ရှားဆောင်ရွက်မှုမျိုးမဆို မပါဝင်တော့ဟု ပြောထားခဲ့ဖူးသည့် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၁၀ ရက်တွင် ပြောဆိုလာခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်။ ဒီသဘောတူညီမှုဟာ ကျွန်တော်အတွက် ပြဿနာ မရှိပါ။ ဒါပေမယ့် သူတို့တွေ ထပ်လက်မှတ်ထိုးကြတာတွေမှာတော့ ပြဿနာရှိလာတယ်။ သူတို့က ဆိုးဝါးတဲ့ သဘောတူညီမှုသစ်တွေ လုပ်လာတာလေ။”ဟု ထရမ့်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကမ္ဘာ့ကာဗွန်ထုတ်လုပ်မှုကို လျှော့ချသည့် ၂၀၁၅ ပါရီသဘောတူညီမှုမှ နုတ်ထွက်မည်ဟု ပြီးခဲ့သည့် ဇွန်လကအတွင်းက ကြေညာထားဖူးသူ ဒေါ်နယ်ထရမ့်က “ဒါကြောင့်ပဲ ဒီသဘောတူညီမှုမှာ ကျွန်တော်တို့ ပြန်ပါဖြစ်ဖွယ်ရှိတယ်။”ဟု ဆက်လက်ပြောဆိုသည်။

အဆိုပါ သဘောတူညီမှုမှ နုတ်ထွက်ခြင်းသည် ရေရှည်ကြာမြင့်ရှုပ်ထွေးမှု ရှိသည်။ ယခုကဲ့သို့ ထရမ့်က ပြန်ပြောင်းပြောဆိုလာမှုနှင့် ပတ်သက်ပြီး အမေရိကန်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အမှန်တကယ် စိတ်ပါပါ ဆောင်ရွက်မည်လားဆိုသည်နှင့် ပတ်သက်ပြီး မေးခွန်းများ ရှိလာမည်လည်း ဖြစ်သည်။

နော်ေ၀၀န်ကြီးချုပ် အာနာဆိုဘတ်ချ်နှင့်အတူ ပြုလုပ်သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ၎င်းကိုယ်ကို သဘာဝပပတ်ဝန်းကျင်း ထိန်းသိမ်းရေး ဦးဆောင်တစ်ဦးအဖြစ် ပြောဆိုသည်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်မှာ စိတ်ထက်ထက်သန်သန် ရှိနေပါတယ်။ ကျွန်တော်တို့ သန်ရှင်းတဲ့ရေ၊ သန့်စင်သော လေ လိုအပ်တယ်။ ဒါပေမယ့်လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးကိုလည်း လိုအပ်တယ်။”ဟု ၎င်းက ပြောသည်။

သမ္မတ ထရမ့်အနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ လျော့ပါးရေး မူဝါဒများကို ယုံကြည်လက်ခံသူ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်နှင့် နိုင်ငံတကာသဘောတူညီမှုများက အမေရိကန်ကို ခြေချုပ်ထားသည်ဟု ယုံကြည်ကြသော လက်ထောက်များကြား ဟိုသည် ယိမ်းလိုက် ဖြစ်နေပုံရကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags