တူနီးရှား၌ ဆူပူအုံကြွမှုများဖြစ်ပွားပြီး လူ ၂၀၀ ခန့်အဖမ်းခံရကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိ

တူနီးရှား၌ ဆူပူအုံကြွမှုများဖြစ်ပွားပြီး လူ ၂၀၀ ခန့်အဖမ်းခံရကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိ

 

တူနစ်၊ တူနီးရှား၊ ဇန်နဝါရီ ၁၁ ။                  ။ တူနီးရှားနိုင်ငံ၌ ဆူပူအုံကြွမှုဖြစ်ပွားပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်အချင်းများကြရာမှ လူပေါင်း ၂၀၀ ကျော်ခန့် အဖမ်းခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၀၁၁ ခုနှစ်က အာရပ်နွေဦး အုံကြွမှုဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီအကူးအပြောင်းသို့ ချောမွေ့စွာ အသွင် ကူးပြောင်းနိုင်ခဲ့သည့်အတွက် တူနီးရှားနိုင်ငံကို ကမ္ဘာတစ်ဝန်းက ချီးမွမ်းဂုဏ်ပြုနေကြသော်လည်း ထိုတော်လှန် ရေးပြီးနောက် ၇ နှစ်ကြာပြီးနောက်တွင် နိုင်ငံအတွင်း၌ စီးပွားရေးနှင့်ပက်သက်၍ မကျေနပ်ချက်များကြောင့် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ယခုနှစ်အစပိုင်းတွင် စတင်ကျင့်သုံးခဲ့သည့် နိုင်ငံ၏ ခန့်မှန်းခြေ ရသုံးငွေစာရင်း အသစ်ကြောင့် အခွန်အခနှင့် လူမှုရေးငွေကြေးထည့်ဝင်မှု တစ်ဟုန်ထိုးမြင့်တက်လာသည့်အတွက် တူနီးရှားနိုင်ငံရှိ မြို့အနှံ့အပြား၌ ယခုလို ဆူပူအုံကြွမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယင်းသို့ဆူပူအုံကြွမှုများကြောင့် ရဲအရာရှိ ၄၉ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ပြသနာရှာသူ ၂၀၆ ဦးကို ဖမ်းဆီးထား ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရေဒီယိုသတင်းဌာနသို့   ပြောကြားခဲ့သည်။

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့ တစ်လျှောက် ဆန္ဒပြခဲ့ကြသော လူအုပ်ကြီးသည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် မြို့တော် တူနစ်မြို့အနောက်ပိုင်းရှိ တီဘော်ဘာမြို့မှ လမ်းမများပေါ်၌ နေရာယူကာ ဆန္ဒပြနေဆဲဖြစ်ကြောင်း ဒေသခံ များက ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ယူဆက်ဖ်ချာဟတ်ဒ်က ယင်းကဲ့သို့ ဆူပူအုံကြွသူများသည် လက်သရမ်းဖျက်ဆီးနေကြသူများ ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သလို ယခုလိုဆန္ဒပြပွဲများသည် လက်ဝဲပါတီ၏လက်ချက်ကြောင့်   ပေါ်ပေါက်လာ ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly