ကယားပြည်နယ် လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီမှ အဖွဲ့ဝင် ၄ ဦးနုတ်ထွက်

ကယားပြည်နယ် လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီမှ အဖွဲ့ဝင် ၄ ဦးနုတ်ထွက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။          ။ ကယားပြည်နယ် လွှတ်တော် မှဖွဲ့စည်းထားသည့် “ တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီ “ ထဲမှ အဖွဲ့ဝင် ၄ ဦးနုတ်ထွက်ထားကြောင်း နုတ်ထွက်စာတင်ထားသူ ခူတူရယ်ကပြောသည်။ အဆိုပါ နှုတ်ထွက်စာတင်ထားသူများသည် အရပ်ဘက်အဖွဲ့အစည်း( CSO )အဖွဲ့ဝင်များဖြစ်သည်။

“ အဲ့ဒီမှာ CSO(အရပ်ဖက်လူ့အဖွဲ့အစည်း)  ၄ယောက်ပါတယ်။ ၄ ဦးစလုံးနုတ်ထွက်တာပါ။ ကျွန်တော်တို့ထွက်ရတဲ့အဓိကတော့ အရပ်သားတစ်ဦး အပါအဝင် KNPP ရဲဘော်သုံးဦးအ သတ်ခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဒါကို လွှတ်တော်ဘက်ကနေ တစ်စုံတစ်ရာအရေးယူ၊ ပြောဆိုခြင်းမရှိတဲ့အတွက် လွှတ်တော်အပေါ် အားမလိုအားမရ ဖြစ်တာတာကြောင့် ပါ“ ဟု ၎င်းကဆိုသည်။

ယနေ့ (ဇန်နဝါရီ ၁၀ ရက်) ရက်စွဲဖြင့် ခူတူးရယ်၊ နော်ဖေါဝါး၊ ဦးမန်းဂျေလို၊ မော်မိုးမြာတို့က ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ နုတ်ထွက်စာ ပေးပို့ထားခြင်းဖြစ်ကြောင်း ခူတူရယ်ကပြောသည်။

ကယားပြည်နယ် မယ်စဲ (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ဥက္ကဋ္ဌ အဖြစ်ဦးဆောင်သည့် အဆိုပါ လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာ ဆန်းစစ်ရေး ကော်မတီတွင် အဖွဲ့ဝင် ၂၄ ဦးပါဝင်သည်။

ကယားပြည်နယ် လွှတ်တော် တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီသည် ပြည်သူများမှ တိုင်ကြားလာသည့် ကိစ္စများ ဥပမာ- လယ်၊ ယာ အသိမ်းခံရသည့်တိုင်စာများကို စီစစ်ကာ ကြားဝင် ညှိနှိုင်းပေးရသည့်ကော်မတီလည်းဖြစ်သည်။

CSO (အရပ်ဖက်လူ့အဖွဲ့အစည်း) ၄ဦးနုတ်ထွက်သည့်ကိစ္စနှင့် ပက်သက်ပြီး ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက “ လွှတ်တော်မှာအတည်ပြုပြီး ခန့်ထားတယ်။

သူတို့မလုပ်ချင်လို့ ထွက်သွားတယ်ဆိုရင် နောက်လွှတ်တော်ကျရင် ပြန်ခန့်လို့ရတာပဲလေ။ ကျွန်တော်တို့ကြီးပဲမဟုတ်ဘူး။ ပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်တဲ့ခါ လုပ်ငန်းပိုတွင်ကျယ်တာပေါ့  “ ဟုပြောသည်။

ကော်မတီထဲတွင် လယ်ယာဏ္ဍကျွမ်းကျင်သူ၊ မြေယာ၊ ရှေ့နေ စသည့်ပညာရှင်များလည်းပါဝင်ပြီး CSO (အရပ်ဖက်လူ့အဖွဲ့အစည်း) များကိုထည့်ထားရ သည်မှာ ပြည်သူလူထုနှင့် ပိုမိုနီးကပ်စွာလုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

KNPP အဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်ရင်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု လွိုင်ကော်ဒကစဘက်က ပြောထားပြီး KNPPဘက်ကမူ အပြန်အလှန်ပစ်ခတ်ခြင်းမဟုတ်ကြောင်းငြင်းဆိုထားသည်။

KNPP အဖွဲ့ဝင် ၃ ဦးနှင့် အရပ်သားတစ်ဦးအသတ်ခံရသည့်ကိစ္စအပြင် ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ် ၅ ဦး တရားစွဲဆိုခံခဲ့ရသည့်ကိစ္စနှင့် ပက်သက်ပြီး ဒေသခံ ၁၀၀၀ ကျော် သည် ဇန်နဝါရီ ၅ ရက်  တွင် လွိုင်ကော်မြို့တစ်ဝိုက် လှည့်လည် ဆန္ဒပြခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly