ဖမ်းမိသည့် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ဦးကို ရွာသားများနှင့် တပ်ဖွဲ့ဝင်များက သတ်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ဖမ်းမိသည့် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ဦးကို ရွာသားများနှင့် တပ်ဖွဲ့ဝင်များက သတ်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇန်နဝါရီ ၁၀ ။            ။ ဖမ်းမိသည့် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ဦးကို နယ်မြေလုံခြံရေးအခြေအနေအရ သက်ဆိုင်ရာရဲစခန်းသို့ အပ်ရန် မဖြစ်နိုင်သည့် နောက် လက်စားခြေလိုနေသော အင်ဒင်းရွာသားများနှင့် လုံခြံရေးတပ်ဖွဲ့ဝင်များက သတ်ခဲ့ကြောင်း တပ်မတော်က ယနေ့သတင်းထုတ်ပြန်သည်။

အင်းဒင်ကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ဦးခန့်က တုတ်၊ ဓားများကိုင်ဆောင်ကာ ဝိုင်းရံတိုက်ခိုက်ခဲ့သဖြင့် သေနတ်မိုးပေါ်ထောင်ဖောက်၍ သတိပေးတားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ဦးအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်သော်လည်း အင်းဒင်နယ်မြေရဲစခန်းရှိ မော်တော်ယာဉ် ၂ စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် ၎င်းနယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးမှု ထိန်းသိမ်းရေးအား ဖြန့်ခွဲဆောင်ရွက်နေရသည့်အတွက် ၎င်းဘင်္ဂါလီအကြမ်းဖက်သမား၁၀ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်းပို့ဆောင်နိုင်သည့် အခြေအနေမရှိခြင်းတို့ကြောင့် ၎င်းတို့အား သုဿန်သို့ခေါ်ဆောင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်က သတင်းထုတ်ပြန် ထားသည်။

အကြမ်းဖက်သမား ၁၀ဦးကို သတ်ခဲ့သည့် ရွာသားများထဲတွင် သြဂုတ်၂၅ရက်ကအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အင်းဒင်ကျေးရွာသား ဦးမောင်နီ၏ သားများ ပါဝင်နေပြီး ၎င်းတို့နှင့်အတူ လက်စားခြေလိုနေသော အင်းဒင်ရွာသား ၁၀ဦးခန့်က သတ်မည့်နေရာကို လမ်းပြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

 အကြမ်းဖက်သမား၁၀ဦးကို သတ်ခဲ့ပုံနှင့် ပတ်သက်ပြီး ပဲရုံသုဿန်ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း၂ခုကြား လျှိုအတွင်းကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား၁၀ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားဖြစ်သူ ၂ ဦးနှင့် ရွာသား၁ဦးတို့က ဘင်္ဂါလီအကြမ်းဖက်သမားများကို ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ၎င်းနောက်ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိလုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Enganement) အားချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန်တာဝန်ရှိသူများကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်းတပ်မတော်က အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly