နိုင်ငံ့အကြီးအကဲများ ယာဉ်တန်းတွင် ယာဉ်ထိန်းရဲမေများ ဆိုင်ကယ်ဖြင့် လုံခြံုရေးယူတော့မည်

နိုင်ငံ့အကြီးအကဲများ ယာဉ်တန်းတွင် ယာဉ်ထိန်းရဲမေများ ဆိုင်ကယ်ဖြင့် လုံခြံုရေးယူတော့မည်
တစ်နိုင်ငံလုံးက ယာဉ်ထိန်းရဲမေ ၄၂ဦးကို လေ့ျကျင့်သင်ကြားပေးထားပြီး ဖြစ်ပါတယ်(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ အရေးကြီးပုဂ္ဂိုလ်(VVIP)ဟုခေါ်သည့် နိုင်ငံ့အကြီးအကဲများအပါအဝင် နိုင်ငံခြားဧည့်သည်များ၏ ယာဉ်လမ်းကြောင်းတွင် မော်တော်ဆိုင်ကယ်ကြီးများဖြင့် လုံခြုံရေးယူသည့် အမျိုးသား ယာဉ်ထိန်းရဲများကိုသာ ပုံမှန်အားဖြင့် တွေ့ရလေ့ရှိသော်လည်း နောက်ပိုင်းတွင် အမျိုးသမီးရဲမေများကို တွင်တွင်ကျယ်ကျယ် သုံးစွဲရန် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့က စီစဉ်နေပြီဖြစ်သည်။

အင်ဂျင်ပါဝါ ၆၅၀ခန့်ရှိသည့် အဆိုပါ မော်တော်ဆိုင်ကယ်ကြီးများကို မောင်းနှင်ရန် ဝါသနာပါသူ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမျိုးသမီးရဲမေ စုစုပေါင်း ၄၂ဦးကို လက်ရှိတွင် လေ့ကျင့်သင်ကြားပေးထားပြီးဖြစ်သည်။ အဆိုပါ ၄၂ဦးတွင် ရဲအုပ်အဆင့် ရဲမေ ၄ဦးပါဝင်ပြီး ကျန်သူများမှာ အခြားအဆင့်တပ်ဖွဲ့မှူးများ ဖြစ်သည်။

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်အကြီးအကဲတွေက နိုင်ငံခြားတွေဘာတွေ ခရီးသွားတာရှိတယ်လေ။ သွားတဲ့အခါကျတော့ ရဲမေတွေက ဆိုင်ကယ်စီးနိုင်တဲ့ စွမ်းရည်ရှိတယ်။ အဲ့လိုမျိုးဖြစ်စေချင်တာကြောင့် အမျိုးသမီးတွေကို စွမ်းရည်မြင့်ပေးတဲ့သဘော” ဟု မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၊ မော်တော်ယာဉ်ရှေ့ပြေးတပ်စိတ်မှ တပ်ကြပ်ကြီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ၄၂ဦးအား ရက်သတ္တပတ် ၃ပတ်ကြာသည့် သင်တန်းအပတ်စဉ် ၂ခုခွဲ၍ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး နောက်ထပ်သင်တန်းများလည်း ရှိသေးသည်ဟု သင်တန်းနည်းပြလည်းဖြစ်သူ အဆိုပါ တပ်ကြပ်ကြီးက ဆိုသည်။

“သင်တန်းပေးပြီးသား အမျိုးသမီးရဲမေ ၄၄ယောက်ကတော့ Ready(အဆင်သင့်)ဖြစ်နေပါပြီ။ အချိန်မရွေး သူတို့စီးနိုင်ကြပြီ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အရေးကြီးပုဂ္ဂိုလ်လမ်းကြောင်းကို ယာဉ်ထိန်းရဲမေက ဆိုင်ကယ်ဖြင့် လုံခြုံရေးဆောင်ရွက်သည်မှာ ၂၀၁၆ခုနှစ်၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် စတင်ခဲ့သည်။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလအတွင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင်လည်း ယာဉ်ထိန်းရဲမေတစ်ဦးက ဆိုင်ကယ်ဖြင့် လုံခြုံရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

အစိုးရရုံးစိုက်သည့်နေပြည်တော်တွင် အဆိုပါ မော်တော်ဆိုင်ကယ်ကြီးများကို မောင်းနှင်နိုင်သည့် ယာဉ်ထိန်းရဲမေ ၅ဦးရှိသည်။

အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်လမ်းကြောင်းကို Level 1,2,3,4 ဟူ၍ အဆင့်လိုက်ခွဲထားပြီး သမ္မတနှင့်ဝန်ကြီးချုပ်အဆင့်ရှိသူများကို Level 1 အဆင့်ဟူ၍သတ်မှတ်ကာ မော်တော်ဆိုင်ကယ် အစီးရေ ၁၃စီး သုံးစွဲလေ့ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly