ပြည်ထဲရေးတာဝန်ရှိဆုံးသူကို တရားဥပဒေအတိုင်း တုံ့ပြန်သွားမည်ဟု သတင်းသမား ကာကွယ်ရေးကော်မတီ ဆို

ပြည်ထဲရေးတာဝန်ရှိဆုံးသူကို တရားဥပဒေအတိုင်း တုံ့ပြန်သွားမည်ဟု သတင်းသမား ကာကွယ်ရေးကော်မတီ ဆို
ဓါတ်ပုံ-သက်ကို/မဇ္ဈိမ

 

ဇန်နဝါရီ ၁၀ ။          ။  ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့်ကိုမိုးအောင်တို့ကို ဖမ်းခဲ့သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန် အရှိဆုံးပုဂ္ဂိုလ်ကို တရား ဥပဒေအတိုင်း ပြန်လည် တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုထံသို့လည်း သတင်း လွတ်လပ်ခွင့် မတရား ဖိနှိပ်ခံနေရမှုများကို ကျယ်ကျယ်ပြန့်ပြန့်တင်ပြ ရှင်းလင်းမည် ဖြစ်ကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ယနေ့ကြေညာချက်ထုတ်လိုက်သည်။

 

ကိုဝလုံးနှင့်ကိုမိုးအောင်တို့ကို ယနေ့ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး ထောင်ဒဏ်၁၄နှစ်အထိချမှတ်နိုင်သော အစိုးရ လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃ ဖြင့် တရားရုံးက စွဲချက်တင်လိုက်သည်။

ထိုသို့ စွဲချက်တင်ခြင်းအပေါ် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်သည်ဟုဆိုသည်။ မီဒီယာဖိနှိပ်ခံနေရမှု၊ သတင်းသမားများ ဖမ်းဆီးခံနေရမှု အပါအဝင် သတင်းလွတ်လပ်ခွင့် ကျဆုံး နေမှု အခြေအနေများကို ပြည်သူလူထုကိုရှင်းပြပြီး အရေးဆို လှုပ်ရှားမှုများ ဆောင်ရွက်ရန် နိုင်ငံတစ်ဝန်း သတင်းသမားများကို တိုက်တွန်းသည်ဟုလည်း ၎င်းတို့၏ကြေညာချက်တွင် ဖေါ်ပြထားသည်။

ရိုက်တာသတင်းဋ္ဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းသမားနှစ်ဦးအနေဖြင့် အရေးကြီးလုံခြုံရေးစာရွက်စာတမ်းများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်ရယူဆောင်ရွက်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာနများတွင်   ဖေါ်ပြခဲ့သည်။ ၎င်းတို့နှစ်ဦးကို သမ္မတရုံးခွင့်ပြုချက်ဖြင့် ဖမ်းဆီးခဲ့သည်ဟုလည်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly