NCA စာချုပ်ကို တိုင်းရင်းသား အဖွဲ့များနှင့် တပြိုင်တည်း လက်မှတ်ရေးထိုးရေးမူကို စွဲကိုင်မည်ဟု KIO ထုတ်ပြန်

NCA စာချုပ်ကို တိုင်းရင်းသား အဖွဲ့များနှင့် တပြိုင်တည်း လက်မှတ်ရေးထိုးရေးမူကို စွဲကိုင်မည်ဟု KIO ထုတ်ပြန်

ချင်းမိုင်၊ သြဂုတ် ၂၂ ။         ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး တပြိုင်တည်း လက်မှတ် ရေးထိုးသွားရေးမူကို ဆက်လက် စွဲကိုင်ထားမည်ဟု ကချင် လွတ်လပ် ရေးအဖွဲ့(KIO) က သြဂုတ်  ၂၁ ရက်တွင်  ထုတ်ပြန်လိုက်သည်။

သြဂုတ် ၁၇နှင့် ၁၈ ရက်များတွင် NCA နှင့်ပတ်သက်၍ ၁၀ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်၊ အရက်ဘက် လူ့အှုအဖွဲ့အစည်းများ ဖိုရမ်ညှိနှိုင်းဆောင်ရွက်ရေးကော်မတီနှင့် ကချင်ပြည်နယ် အရပ်ဘက်လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကွန်ယက်တို့မှ အကြံပြုတင်ပြချက်များကို KIO ဗ ဟိုကော်မတီက လက်ခံရရှိပြီး ၎င်းတို့၏ သဘောထားကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင်  “ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်စေရေးအတွက် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံး တပြိုင်တည်း NCA တွင် လက်မှတ် ရေးထိုးသွားရေးမူကို ဆက်လက် စွဲကိုင်ထားမည် ဖြစ်ပါသည်”ဟု ဖော်ပြထားသည်။

ထို အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အကြံပြုချက်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ (EAOs) ကလည်း တည်ငြိမ်သည့် ငြိမ်းချမ်း ဖြစ်လာစေရန် ဆန္ဒသဘောထားရှိပြီး စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လိုအပ်သော အကြံပြုချက်များ လက်တွဲ ဆောင်ရွက်မှုများကိုလည်း လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်း KIO က အသိပေး ထုတ်ပြန်ထားသည်။

KIO ပြန်ကြားရေးဌာနမှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက “အများအားဖြင့်က လက်မှတ်ထိုးဖို့ ကိစ္စကို စိုးရိမ်တယ်။ တိုင်းရင်းသား အားလုံးနဲ့ ဆွေးနွေးပြီးမှ အားလုံးပါဝင်ရေးကို အဓိက အကြံပြုတာ တော့ ရှိတယ်။ ဒါကြောင့် အားလုံးပါဝင်ရေးကို အားလုံးက အကြံပြုတယ်”ဟု မဇ္ဈိမကို ပြောဆိုထားသေးသည်။  

သြဂုတ် ၁၇ နှင့် ၁၈ နှစ်ရက်ကြာ ဌာနချုပ်လိုင်ဇာမြို့တွင် လူထုအကြံပြုချက်ရယူရေး အစည်း အဝေးကျင်းပပြီး KIO ၏ ဒုဥက္ကဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာတို့က အစိုးရနှင့် NCA အပေါ် တွေ့ဆုံ ဆွေးနွေးမှုများကို ပြန်လည် တင်ပြခဲ့ပြီး လူထု၏ အကြံပြုချက်များ ရယူခဲ့ခြင်း ဖြစ်သည်။

ထိုကချင်အရပ်ဘက်လူအဖွဲ့အစည်းများ၏ အကြံပြုချက်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်မှ ၂၃ ရက်ထိ ကျင်းပနေမည့် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များ၏ အစည်းအဝေး တွင်ပြန်လည် တင်ပြဆွေးနွေးနေပြီ ဖြစ်သည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်ရန် သြဂုတ်  ၂၅ ရက်နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့မှ ခေါင်းဆောင်များနှင့် အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှ ၃ ဦး အပါအဝင် ထိပ်သီးခေါင်းဆောင် ၈ ဦးက နေပြည်တော်သို့ သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly