စိတ်ကြွဆေးပြား ၃၉ဝ,ဝဝဝ ကျော်နှင့် လက်နက်ခဲယမ်းများ မိုင်းဆတ်တွင် ဖမ်းမိ

စိတ်ကြွဆေးပြား ၃၉ဝ,ဝဝဝ ကျော်နှင့် လက်နက်ခဲယမ်းများ မိုင်းဆတ်တွင် ဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ ဇန်နဝါရီလ ၁ဝ ။                 ။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ လွယ်လတ်တန်တပ်စခန်းနှင့် ချောင်းဆုံတပ်စခန်းကြားတွင် အမျိုးသား ၇ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ဝ,ဝဝဝ ကျော်နှင့် လက်နက်ခဲယမ်းများအား တပ်မတော်သားများက ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

တပ်မတော်သားများက ဇန်နဝါရီလ ၈ ရက်၊ နံနက် ၁ နာရီချိန်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ဓာတ်မီးရောင်တွေ့သဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဇော်မိုင်းဆိုသူအပါအဝင် ကျဟဲ၊ ကျဖေး၊ ပါလဲ ၊ ကျခတ်ပယ်၊ ယားသိနှင့် ကျဗူးဆိုသူတို့ ၇ ဦးတို့ကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးရာမှ အဆိုပါ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ၇ ဦးအား တပ်မတော်သားများက စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ သယ်ဆောင်လာသော ကျေပိုးအိတ် ၄ လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၁,၁ဝဝ ၊ M 22 သေနတ် ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၆၃ တောင့်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာ ဝန်ရှိ သူက ပြောသည်။

“တပ်မတော်က မနေ့က ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ ဖမ်းဆီးရမိခဲ့တဲ့သူတွေနဲ့ သက်သေခံပစ္စည်းတွေကို မိုင်းဆတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ မူးယစ်ဆေး၊ လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တဲ့ ၇ ဦးကို လက်နက်ပုဒ်မ၊ မူးယစ်ပုဒ်မတွေနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးနေပါတယ်။ လက်ရှိတော့ စစ်ဆေးနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်”ဟု အဆိုပါ တာဝန်ရှိသူက   ပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိခဲ့သူ ဇော်မိုင်းဆိုသူအပါအဝင် ၇ ဦးအား မိုင်းဆတ်မြို့မရဲစခန်းတွင် ရှမ်း လက် နက် ဥပဒေပုဒ်မ- ၁၂(က)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ- ၁၅/ ၁၉(က)/ ၂၁/ ၂၂(ခ)တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly