စည်ပင်ဝန်ကြီးနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှပြန်စာ စောင့်ဆိုင်းနေဟု ပြည်နယ်ဝန်ကြီးချုပ် ပြော

စည်ပင်ဝန်ကြီးနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှပြန်စာ စောင့်ဆိုင်းနေဟု ပြည်နယ်ဝန်ကြီးချုပ် ပြော
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု(ဓာတ်ပုံ- မဇ္ဈိမ)

 

 

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ပြန်လာသည့်စာကို စောင့်ဆိုင်းနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီ ၁၀ ရက်တွင်  ပြောကြားသည်။ 

"ဖွဲ့စည်းပုံအခြေခံက ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဒါကို ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေပြီးတော့ စိစစ်ပြီးတော့ ဆောင်ရွက်ပေးဖို့ တင်ထားတဲ့အပိုင်းတော့ ရှိပါတယ်။ အဲ့ဒီတော့ အဲ့က ပြန်လာမယ်စာကိုတော့ ကျွန်တော်တို့ စောင့်နေပါတယ်။ အဲ့ဒီပေါ်မှာပဲ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။" ဟု ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရရုံးတွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နိုင်ငံတော်က ဥပဒေအရ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းစစ်ဆေးစေခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်အား ပေးအပ်သည့် တာဝန်များကို ဆက်လက်ထမ်း ဆောင်ရန်မသင့်ဟု ရခိုင်ပြည်နယ်လွှတ်တော်က    ဇန်နဝါရီ ၂ ရက်တွင် အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်လိုက်ကြောင်း ပေါက်တော (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကမဇ္ဈိမသို့အတည်ပြုပြောသည်။

လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဦးမင်းအောင်ကို တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ဟူသည့်အဆိုပါ ထောက်ခံသူ ၃၇ မဲနှင့် ကန့်ကွက်မဲ ၈ မဲ ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော်မတတ်သည့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက လွဲ၍ ကျန် ကိုယ်စားလှယ်များ ၄၅ ယောက်က ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

လွှတ်တော်သို့တင်ပြသည့်အချိန်တွင် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန်ဆက်လက် ထမ်းဆောင်ဖို့ မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly