အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် နံပါတ်-၂ ခေါင်းဆောင်သေဆုံးဟု အိမ်ဖြူတော် ထုတ်ပြန်

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် နံပါတ်-၂ ခေါင်းဆောင်သေဆုံးဟု အိမ်ဖြူတော် ထုတ်ပြန်

ဝါရှင်တန်၊ သြဂုတ် ၂၂ ။        ။ အိုင်အက်စ်အစွန်းရောက်အုပ်စု၏ ဒု-တပ်မှူးသည် အီရတ်မြောက်ပိုင်းတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အိမ်ဖြူတော်က သြဂုတ် ၂၁တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါသေဆုံးသွားသော စစ်သွေးကြွမှာ ဟာဂျီမူတတ်ဇ်ဟုလည်း ခေါ်ဆိုသော ဖက်ဒ်ဟီလ်အာမက်အယ်လ်ဟာယာလီ ဆိုသူဖြစ်သည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက သိရှိခဲ့သည်။

ထို့အပြင် ၎င်းသည် အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာအယ်လ်ဘဂ္ဂဒါဒီ၏ အကြီးတန်းလက်ထောက်ဟုလည်း ယင်းကောင်စီက ပြောသည်။ ဟာယာလီသေဆုံးကြောင်း အမေရိကန် အရာရှိများကြေ ညာသည်မှာ ယခုအကြိမ်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

ဒီဇင်ဘာလကလည်း ဟာယာလီသည် ညွန်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြီးတန်းခေါင်းဆောင်အချို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၎င်း၏ အမည်တစ်ခုမှာ အဘူမွတ်စလင်အယ်လ်တာ့ခ်မာနီဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးအရာရှိများက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်တပ်ဖွဲ့များသည် သြဂုတ် ၁၈က မိုဆူးလ်မြို့အနီး ယာဉ်တစ်စီးကို တိုက်ခိုက်မှုတစ်ခုတွင် အဘူအက်ဘ်ဒူလာဟုခေါ်ဆိုသော အိုင်အက်စ်မီဒီယာတိုက်ခိုက်ရေးသမားတစ်ဦးနှင့် အတူ ဟာယာလီကို သတ်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်တို့က ပြောသည်။

ဟာယာလီသည် အိုင်အက်စ်၏ အာဏာရကောင်စီဝင်တစ်ဦးဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားကြား ပမာဏကြီးမားသည့် လူသူလက်နက်နှင့် ယာဉ်များရွှေ့ပြောင်းမှုတွင် အဓိကညိနှိုင်းသူတစ်ဦးဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အကြီးတန်းအီရတ်ဂျီဟတ်ဝါဒီအများအပြားကဲ့သို့ပင် ဟာယာလီသည် အိုင်အက်စ်သို့ မဝင်မီက အယ်လ်ကေးဒါး၏ အီရတ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ဆက်ဒမ်ဟူစိန်လက်ထက်က အီရတ်အရာရှိဟောင်းတစ်ဦးလည်းဖြစ်သည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly