ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ မီးငြိှမ်းသတ်မှုလေ့ကျင့်မှုပြုလုပ်

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ မီးငြိှမ်းသတ်မှုလေ့ကျင့်မှုပြုလုပ်

 ရန်ကုန်၊ဇန်နဝါရီ ၁၀  ။        ။ YBSယာဉ်လိုင်း(၅)လိုင်းကိုတာဝန်ယူပြေးဆွဲနေသည့် ဗန္ဓုလကုမ္ပဏီက မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် လေ့ကျင့်မှုတချို့ကို ယနေ့ဇန်နဝါရီ ၁၀ရက်တွင် ပါရမီကားဝင်းအတွင်း၌ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ မီးငြှိမ်းသတ်လေ့ကျင့်မှုများကို လစဉ် ၁ ကြိမ်၊ ၂ ကြိမ်ခန့် အနည်းဆုံးလုပ်လေ့ရှိပြီး ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ ဘတ်စ်ကားများတွင် မီးသတ်ဆေးဗူးများ ထားရှိပေးထားသည်ဟု ကုမ္ပဏီ ဒါရိုက်တာ ဦးမင်းနိုင်ဦး ကဆိုသည်။

လေ့ကျင့်ရာတွင် ယာဉ်လိုင်းအသီးသီးမှ ယာဉ်မောင်းများကို တစ်ဦးစီ မီးငြှိမ်းသတ်လေ့ကျင့်ခိုင်းပြီး မီးသတ်ဆေးဗူးအသစ်များ၊ ယာဉ်ပေါ်ရှိမီးသတ်ဆေးဗူးအဟောင်းများဖြင့်ပါ   လေ့ကျင့် ငြှိမ်းသတ်ခဲ့ကြသည်။

"ဒီကုမ္ပဏီမှာဆိုရင် မီးသတ်ကားရှိတယ်။ ကရိန်းကားရှိတယ်။ သူ့ရဲ့ရှိရမယ့်အင်္ဂါရပ်တွေပေါ့ ။ ဆေးခန်းရှိရမယ် ။Anbulance ရှိရမယ် ။ဘာညာအကုန်ပေ့ါ။အကုန်လုံးရှိထားပြီးသား ။ ယာဉ်တွေရော ဌာနတွေမှာရော မီးသတ်စင် ကောင်တာတွေရှိပြီးသား။ စစ်ဆေးတယ်ဆိုတာတောင် ကျွန်တော်တို့မစစ်ဆေးဘဲနဲ့ မီးသတ်ဦးစီးဌာနက စစ်ဆေးတယ်။ အကြံပြုတဲ့အတိုင်းကို ဘယ်လောက်ထားပါ။ ဘာတွေကိုပြင်ပါလုပ်ပေးတယ်။ လေ့ကျင့်မှုလုပ်ပေးတယ် ။ စီမံချက်ဆွဲတယ်။ ဒါကဒီနေ့ကမီးငြှိမ်းသတ်တာပဲ လုပ်ပြခဲ့တဲ့ဟာပေါ့ ။ ခါတိုင်းဆိုရင်မီးဘေးနေရာယူတာတို့ဘာတို့ ဇာတ်တိုက်လေ့ကျင့်တာအမြဲတမ်းလုပ်တယ်"ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ ဒါရိုက်တာ ဦးမင်းနိုင်က ပြောသည်။

ခရီးသည်များအား ဝန်ဆောင်မှုပေးရန် သီးသန့်သင်တန်းမရှိသော်လည်း ဝန်ဆောင်မှုပေးမှုအတွက် ယာဉ်လိုင်းများတွင် ပြင်ပမှဆွေးနွေးပွဲများ ဟောပြောပွဲများကို ပြုလုပ်ပေးလေ့ရှိသည်ဟု ဆိုသည်။

ဘတ်စ်ကားအပါအဝင် တခြားသောယာဉ်များ၊ အရာများ မီးလောင်နေသည်ကိုတွေ့ရှိပါက ဗန္ဓုလကုမ္ပဏီယာဉ်မောင်းများက မီးငြှိမ်းသတ်ပေးခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။

YBSစနစ် တစ်နှစ်တာကာလအတွင်း ဗန္ဓုလကုမ္ပဏီပိုင် ယာဉ်လိုင်းတွင် ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွားခဲ့ဖူးသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ယာဉ်လိုင်း ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ စသည့်ယာဉ်လိုင်းများကို ယာဉ်အစီးရေ ၃၆၂စီးနှင့် ယာဉ်လုပ်သား၃၄၀ဦး တို့ဖြင့် ပြေးဆွဲနေသည်။

၎င်းတို့ထဲ၌ ၂၆၂ စီးမှာ အဲကွန်းပါဘတ်စ်ကားများဖြစ်ကြပြီး အဲကွန်းမကောင်းမွန်သည့်ယာဉ်မှာ အစီး ၁၀၀ ရှိနေသည်။

မ.ထ.သ စနစ်မှ YBSစနစ်သို့ ကူပြောင်းလာပြီးနောက်ပိုင်း ကုမ္ပဏီအများစု၏ယာဉ်များ၌ မီးသတ်ဆေးဗူးများ ထားရှိလာကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly