ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ပီနန်ဆရာတော် ဘုရားကြီး၏ မွေးနေ့မင်္ဂလာနှင့် ကျေးဇူးဆပ်ပွဲ အခမ်းအနားပြုလုပ်

ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ပီနန်ဆရာတော် ဘုရားကြီး၏ မွေးနေ့မင်္ဂလာနှင့် ကျေးဇူးဆပ်ပွဲ အခမ်းအနားပြုလုပ်

 

ရန်ကုန် ဇန်နဝါရီ ၁၀ ။       ။ မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ပျံလွန်တော်မူခဲ့သည့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ပီနန်ဆရာတော်ဘုရားကြီး အား ကျေးဇူးဆပ်ကုသိုလ်ပြုပွဲနှင့် မွေးနေ့မင်္ဂလာ အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မရန်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ် ကွက်ရှိ သဗ္ဗညုပုထိုးတော်ကြီး၊ ဓမ္မသက စာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။

ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ)၏ အန္တိမအဂ္ဂိ ဈာပနအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ပြုလုပ်ခဲ့ သည်။ ယင်းဈာပနအခမ်းအနားကို မတက်ရောက် နိုင်ခဲ့သော ပြည်တွင်း၊ ပြည်ပမှ ဆရာတော်၊ သံဃာ တော်များနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများက စုပေါင်း၍ ကုသိုလ်ပြုကျေးဇူးဆပ်ပွဲပြုလုပ်ခြင်းဖြစ် သည်ဟု ဆရာတော်ကြီးတပည့်ရင်း ဖြစ်သူ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

" ဆရာတော်ဘုရားကြီးကို အသက် ၉၀ ပြည့်၊ မွေးနေ့ပူဇော်ပွဲကျင်းပမယ်ဆိုပြီးတော့ ဘုန်ကြီးတို့ စီစဉ်ထားခဲ့တာ ရှိပါတယ်၊ အဲဒီစီစဉ်ထားတဲ့အတိုင်း သက်တော် ၉၀ မွေးနေ့ မကျင်းပနိုင်ခဲ့ပါဘူး၊ အဲဒီ ကျင်းပမယ့်အစီအစဉ်တွေအစား ဆရာတော်ကြီးရဲ့ ဈာပနကို ကျင်းပခဲ့ရတယ်၊ ဒီဈာပနကို ပြည်တွင်း၊ ပြည်ပကဆရာတော် တပည့်ဒါယိကာ၊ ဒါယိကာမ တွေ တစ်ချို့မတက်ရောက်နိုင်တာတွေလည်း ရှိ ခဲ့တယ်၊ ဒါကြောင့် ဒီကုသိုလ်ပြုပွဲကို စီစဉ်ဖြစ်တာ" ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းအခမ်းအနားတွင် ဆရာတော်ကြီး၏ သက် တော် ၉၀ ပြည့်အဖြစ် သံဃာတော် အပါး ၉၀ ၊ သီလရှင် အပါး ၉၀ ကို ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်း အမျိုးမျိုး စုပေါင်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆရာတော်ကြီးကို ၁၉၂၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၉၀၊ ဝါတော် ၇၀ ရှိပြီဖြစ်သည်။ ဆရာတော်သည် ပြည်တွင်း၊ ပြည်ပ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ တစ်ဝှမ်း နိုင်ငံများတွင် ဗုဒ္ဓဘာသာကျောင်းပေါင်း ၂၂ ကျောင်းကို တည်ထောင်နိုင်ခဲ့သည်။

" မဟာသန္တိသုခကျောင်းမှာ ပီနန်ဆရာတော်ကြီးနဲ့ လန်ဒန်ဆရာတော်သီတင်းသုံးပြီး၊ ပြည်တွင်း သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတယ်၊ သန္တိသုခကြီးကို ချိတ်ပိတ်တဲ့နေ့အထိပေါ့၊ အဲဒီ တုန်းကလည်း ကျွန်တော်တို့ ပါပါတယ်၊ ရဲစခန်းမှာ အဖမ်းအချုပ်ခံရ၊ ခံဝန်ချက်တွေ ထိုးရတယ်၊ ဆရာ တော်ကြီး အခုလို ဘဝနတ်ထံပျံလွန်တော်မူသွား တော့ ဖခင်တစ်ယောက် ဆုံးရှုံးသွားသလိုမျိုး ခံစား ရတယ်" ဟု ပီနန်ဆရာတော်ကြီး၏တပည့်ဒါယကာ ရင်းဖြစ်သူ ဦးဆန်းဝင်းက ပြောသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ပီနန်ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပနအခမ်းအနားကျင်းပချိန်တွင် မြန်မာနိုင်ငံ အတွင်းရှိ တပည့်ဒါယကာ၊ ဒါယိကာမများကလည်း ဆရာတော်ကြီးအားရည်စူးပြီး ဆွမ်းဆက်ကပ်လှူ ဒါန်းမှုများ၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် နေသည့် လူနာများတွက် အာဟာရဒါနပြုခြင်းများ အပြင် ဘားအံ့မြို့ရှိ တပည့်ဒါယကာ၊ ဒါယိကာမ များကလည်း ကရင်ပြည်နယ်၊ ဘားအံ့မြို့ ဇွဲကပင် တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်ရှိ အောင်တော်မူစေတီ တွင် ဆွမ်းပွဲတစ်ထောင်၊ ဆီမီးတစ်ထောင်၊ ရေချမ်း တစ်ထောင် ကပ်လှူပူဇော်ခြင်း ကုသိုလ်များ ဆောင်ရွက်ခဲ့ကြသည်။

ပီနန်ဆရာတော်ဘုရားကြီးသည် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ နတ်ချောင်းရပ်ရှိ မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှုအငြင်းပွားခဲ့ရဖူးသည်။ မဟနအဖွဲ့၏ အမိန့်ဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က မဟာသန္တိသုခကျောင်း ကို ချိတ်ပိတ်ခဲ့ ပြီးနောက် ယင်းကျောင်းတော်ကြီးတွင် သီတင်းသုံးနေသည့် ဆရာတော်၏ တပည့်ရင်း ဖြစ်သူ လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော် ၅ ပါးမှာလည်း လူဝတ်လဲဖမ်း ဆီးခံ ခဲ့ရဖူးကြောင်း သိရသည်။

ပီနန်ဆရာတော်ဘုရားကြီးသည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ၂၄ရက်၊ မလေးရှားစံတော်ချိန်၊ နံနက် ၅ နာရီအချိန်က မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းဆေးရုံ ကြီးတွင် ကျောက်ကပ်ဝေဒနာဖြင့် ဘဝနတ်ထံပျံ လွန်တော်မူခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly