လူငယ်နောက်ခံကစားသမား ခရစ္စတန်ဆန်ကို ချယ်လ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆို

လူငယ်နောက်ခံကစားသမား ခရစ္စတန်ဆန်ကို ချယ်လ်ဆီးအသင်း စာချုပ်သစ် ချုပ်ဆို

 

ဇန်နဝါရီ ၁၀၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးအသင်းသည် အသက် ၂၁ နှစ်အရွယ်ရှိလူငယ်နောက်ခံကစားသမား ခရစ္စတန်ဆန်ကို ၄ နှစ်ခွဲ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဒိန်းမတ်နောက်ခံကစားသမားလေးမှာ ၂၀၂၂ ခုနှစ်အထိ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ဆက်ရှိနေတော့မည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ခရစ္စတန်ဆန်မှာ အလွန်ဝမ်းမြောက်လျက်ရှိသည်။ “ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်မှာ ပါဝင်ခွင့်ရလို့ ပျော်ရွှင်မိပါတယ်။ ပွဲတွေအများကြီး ကစားနေရလို့ ချယ်လ်ဆီးအသင်းမှာ ရှိနေရတာကို တကယ်ကျေနပ်မိပါတယ်။ အလုပ်လုပ်ရတာလည်း အရာရာအဆင်ပြေပါတယ်” ဟု ခရစ္စတန်ဆန်က ဆိုသည်။

ခရစ္စတန်ဆန်သည် အသက် ၁၇ နှစ်အရွယ်က ချယ်လ်ဆီးအသင်းသို့ ဒိန်းမတ်ကလပ် ဘရွန်ဘီမှ ရောက်ရှိလာသူဖြစ်သည်။ ပြီးခဲ့သည့် ရာသီ ၂ ခုက ဂျာမန်ကလပ်မိုချင်ဂလတ်ဘတ်တွင် အငှားသွားရောက်ကစားခဲ့ပြီးနောက် ချယ်လ်ဆီးက အသင်းကြီးသို့ ပြန်လည်ခေါ်ယူခဲ့သည်။

ယခုနှစ်တွင် ခရစ္စတန်ဆန်မှာ နည်းပြကွန်တီ၏ချယ်လ်ဆီးအသင်းတွင် အဓိကနောက်ခံလူအဖြစ် ပွဲထွက်ကစားနေရပြီး ပြိုင်ပွဲပေါင်းစုံ ၂၂ ပွဲ ပါဝင်ကစားထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly