၂၀၁၈ ခုနှစ်သည် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသည့်နှစ်ဟု JPF အကြီးအကဲပြော

၂၀၁၈ ခုနှစ်သည် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသည့်နှစ်ဟု JPF အကြီးအကဲပြော

 

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေတဲ့ ပူးပေါင်းငြိမ်းချမ်းရေး ရန်ပုံငွေ အဖွဲ့ (Joint Peace Fund-JPF) ရဲ့ ခေတ္တ ညွှန်ကြားရေးမှူး မစ္စတာ နိုင်ဂျယ်ရောဘတ်စ်နဲ့ မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်တို့ တွေ့ဆုံပြီး  မစ္စတာရောဘတ်စ်ရဲ့ တာဝန်တွေနဲ့  လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးအတွက် လုပ်ဆောင် ထားနိုင်ခဲ့တဲ့ တိုးတက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

   အင်တာဗျူး အစဦးပိုင်းမှာတော့ မစ္စတာ ရောဘတ်စ်က သူ့အနေနဲ့ JPF အဖွဲ့ ညွှန်ကြားရေးမှူး အကူးအပြောင်းမှာ ခေတ္တ အစားဝင် တာဝန်ထမ်းပေးနေသူ ဖြစ်တဲ့အတွက် သူ့အနေနဲ့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အထူးကျွမ်းကျင်သူ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူ့ကိုယ်သူ မခံယူထားပါကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း တစ်ခြားနိုင်ငံတွေမှာ ရှိစဉ်တုန်းက သူ့မှာ အတွေ့အကြုံတွေအများကြီး ရရှိထားတဲ့အတွက်ကြောင့် အဲဒီနိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတစ်ချို့ကိုတော့ ပြန်လည် ဝေမျှပေးနိုင်ကြောင်း ပြောပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်  အဓိက စိန်ခေါ်မှုတွေက ဘာတွေလို့ ထင်ပါသလဲ။

ပထမဆုံး ပြောရရင် ဒီလကုန်မှာ  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ UPC ရှိပါမယ်၊ ဒါကတော့ အရမ်း အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ ခရီးတွင်မှု၊ ထိရောက်မှုပိုင်းနဲ့ ပတ်သက်လို့ မေးခွန်းတွေ အများအပြား ရှိနေလို့ပါ။ ပြီးတော့ ယုံကြည်မှု ပျောက်ဆုံး သွားတာမျိုးတွေတောင် ရှိထားခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ် ညီလာခံက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် တက်ကြွအသက်ဝင်လာအောင် လုပ်နိုင်မယ့် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဖက်ဒရယ်လစ်ဇင်နဲ့ လာမယ့်နှစ်မှာ လက်တွေ့လုပ်ဆောင်နိုင်မယ့် အခြေခံတွေ ထောက်ပံ့ပေးမယ့် စည်းမျဉ်း မူဝါဒတစ်ချို့ ထုတ်ဖော်ရေး ကိစ္စတွေမှာ နက်နက်နဲနဲနဲ့ ရှေ့တိုး ဆွေးနွေးမှုတွေ ရှိမယ်ဆိုရင်ပေါ့။ ဒါကြောင့် မျှော်လင့်တာကတော့ UPC ကနေ ထွက်လာမယ့် ရလဒ်တစ်ခု ပေါ့။ အဲဒီရလဒ်ကနေပဲ ဒီနှစ်မှာ ကျွန်တော်တို့ ရှေ့ကို ဆက်သွားနိုင်မယ့် အရှိန်အဟုန် တစ်ခုအတွက် အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

         နောက်ပြီး တကယ်တမ်းဆိုရင်လည်း ခင်ဗျားတို့အနေနဲ့ တစ်ဘက်မှာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှိနေသလို တစ်ခြား တစ်ဘက်မှာ ကျပြန်တော့လည်း ပဋိပက္ခ တိုက်ပွဲတွေကလည်း ရှိနေပြန်သေးတယ်။ နိုင်ငံတွင်းက ဒေသတစ်ချို့မှာ ဒီ ပဋိပက္ခ တိုက်ပွဲတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောက်မှာ မရှိဘဲ ဘေးထွက် နေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းမှာဆိုရင် လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတိုက်ပွဲက ပြီးခဲ့တဲ့ နှစ်တွေကထက် ပိုမြင့်လာနေပါတယ်။ ဒါကတော့ တကယ် စိုးရိမ်စရာ ဖြစ်ပါတယ်။ နောက်ထပ် စိုးရိမ်စရာ ကိစ္စတစ်ခုကတော့ ခင်ဗျားတို့နိုင်ငံ အနောက်မြောက် နယ်စပ်နဲ့ ရခိုင်အကျပ်အတည်းကိစ္စပါ။ ဒါကတော့ ကျွန်တော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ ဘေးထွက်နေလျက်ရှိပါတယ်။ ဒါဟာ ပြည်တွင်း အသိုင်းအဝိုင်း တစ်ခုလုံးအပေါ် ထိခိုက်စေရုံသာမက ဒီနိုင်ငံနဲ့ ဒီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာရဲ့ ထင်မြင်ယူဆမှုအပေါ်မှာပါ မလွဲမရှောင်သာ ထိခိုက်စေလျက်ရှိပါတယ်။

ကျန် ကမ္ဘာ့ နေရာဒေသတွေက အကျပ်အတည်းဖြစ်နေတဲ့ ဧရိယာတွေမှာ ခင်ဗျား တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် မြန်မာအနေနဲ့ ဒီ အကျပ်အတည်းကို ဘယ်လို ကိုင်တွယ် ဖြေရှင်းနိုင်မယ်လို့ ထင်ပါသလဲ။

ကျွန်တော့်မှာ ရှိနေတဲ့ အတွေ့အကြုံတွေက နည်းနည်းတော့ ကွဲပြားပါတယ်၊ နောက်ပြီး ကမ္ဘာ့ နေရာ ဒေသတစ်ခုနဲ့ တစ်ခုအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကလည်း သိပ်တော့ မတူကြပါဘူး။ အခြား နိုင်ငံတွေဆီကနေ ရလာတဲ့အတွေ့အကြုံပေါ် မူတည်ပြီး ဘယ်လိုမျိုး အကောင်းဆုံးသော သင်ခန်းစာတွေကို အကြံပေးနိုင်သလဲဆိုပြီး မကြာမကြာ အမေးခံထားရပါတယ်။ ကျွန်တော့်အမြင်အရတော့ ကျွန်တော် အသက်ပိုကြီးလာပြီး အတွေ့အကြုံတွေ ဘယ်လောက်ပဲရရ အကောင်းဆုံးသော အတွေ့အကြုံတွေ ဆိုတာရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့်လည်း အမြဲတမ်းတော့  ကြိုးစားနေဖို့ အရေးကြီးပြီး တစ်ခြား နေရာဒေသတွေမှာ သူများတွေ ဘယ်လိုလုပ်သွားသလဲ ဆိုတာကို ကြည့်ရမှာပါ။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ တွေ့ဆုံပြောဆိုရမှာဖြစ်ပါတယ်။ သူတို့တွေထဲက အများစုက ဘာပြောကြလဲ၊ ကျွန်တော် ပြောချင်တဲ့သူတွေက ဘယ်သူတွေလဲ ဆိုတော့ ငြိမ်းချမ်းရေးအတွက် ညိနှိုင်းသူတွေအဖြစ် လုပ်ခဲ့ကြသူတွေ၊ တစ်ချိန်က သူပုန်တွေဖြစ်ခဲ့သူတွေ၊ စားပွဲရဲ့ တစ်ခြားဘက်ခြမ်းမှာ ထိုင်ခဲ့သူတွေ၊ ငြိမ်းချမ်းရေး သဘောတူညီချက်ရပြီး သြဇာအာဏာရှိတဲ့ နေရာတွေ ရောက်လာသူတွေ ဖြစ်ပါတယ်။

          သူတို့ ပြောပြပေးမယ့် အကြောင်းအရာအများစုက အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိမှာပါ၊ အဲဒီထဲမှာ သူတို့ လုပ်ခဲ့မိတဲ့အမှားတွေ အကြောင်းပါချင်ပါမယ်၊ သူတို့ လုပ်ချင်ခဲ့လျက်နဲ့ မလုပ်နိုင်ခဲ့တဲ့ အရာတွေ ပါမယ်၊ အများစုကတော့ အခြေခံ လူသား အကြောင်းအချက်တွေနဲ့ ဆိုင်ပါလိမ့်မယ်။ အရှေ့တီမောမှာ အောင်မြင်မှု ရခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျိုးတွေကို ကျွန်တော် ကြုံတွေ့ခဲ့ဖူးသလို ပါလက်စတိုင်းနဲ့ အစ္စရေးတို့ အကြားက ခုထက်ထိ မအောင်မြင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ဒီ ဖြစ်စဉ် နှစ်ခုစလုံးမှာရော နောက် ကျွန်တော်တွေ့ထားခဲ့တဲ့ တစ်ခြား လုပ်ငန်းစဉ်တွေမှာပါ ကြည့်မယ်ဆိုရင် အကြောင်းအချက် အများစုကတော့ ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ကိုင်ရမှု၊ ဆုံးဖြတ်ချက် ချမှတ်မှု လုပ်ငန်းစဉ်တွေ ပါဝင်နေပါတယ်။ အလွန်လေးနက်တဲ့ သမိုင်းဆိုင်ရာ အထောက်အထား အကြောင်းအချက်တွေကလည်း အမြဲရှိနေပါတယ်။

       တစ်ခါတစ်ရံမှာလည်း ယဉ်ကျေးမှုနဲ့ လူမျိုးစုဆိုင်ရာ ပြဿနာတွေ ရှိတတ်ပါတယ်၊ စီးပွားရေး အကျိုးအမြတ်တွေလည်း အမြဲ ပါဝင်နေတတ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်နေပါတယ်။ ဒါပေမယ့် ကွာခြားသွားတဲ့ အချက်က တကယ်တမ်း အာဏာရှိသူတွေဘက်က ဒီ ပဋိပက္ခတွေကို တကယ်မှ အဆုံးသတ်ချင်ကြတဲ့ ဆန္ဒရှိရဲ့လား ဒါမှမဟုတ် အဆုံးမသတ်ချင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ လွယ်လွယ်လေးပဲလို့ ထင်ကောင်း ထင်ရနိုင်ပါတယ်၊ ဒါပေမယ့် အဲဒါကပဲ အောင်မြင်သွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ကျရှုံးသွားတဲ့ လုပ်ငန်းစဉ်အကြားက အဓိက အချက်ပဲ ဖြစ်ပါတယ်။  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာက တကယ်တမ်း အာဏာရှိသူတွေက တစ်ဦးတည်းလည်း ဖြစ်ချင်ဖြစ်မယ်၊ အများကြီးလည်း ဖြစ်ချင်ဖြစ်မယ်၊ တစ်ဘက်စီမှာ သြဇာရှိသူ အများအကြီး ရှိချင်ရှိမယ်၊ ဒီလိုပဲ ဘက်တွေလည်း အများကြီး ရှိချင်ရှိမယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တကယ်တမ်း အာဏာရှိသူတွေနဲ့ သူတို့ရဲ့ သြဇာရှိ နောက်လိုက်တွေအနေနဲ့  တကယ်ပဲ ငြိမ်းချမ်းစေဖို့နဲ့ မတူညီမှုတွေကို ဖြေရှင်းချင်စိတ် ရှိဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် ဆိုလိုချင်တာက သြဇာအာဏာအရှိဆုံး သူတွေအနေနဲ့ သူတို့ မစွန့်လွှတ်ချင်တဲ့အရာတွေကို စွန့်လွှတ်ရမှာဖြစ်သလို အဲဒီအတွက်ကြောင့်လည်း သူတို့အနေနဲ့ အရာတစ်ခုက ပေးဆပ်ရတာနဲ့ တန်ပါတယ်ဆိုတာကို သူတို့အပေါ် အားထားယုံကြည် နေသူတွေကို ကိုယ့်ဆီပါလာအောင် ဆွဲဆောင်သိမ်းသွင်းရမှာဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့  မေးခွန်းနှစ်ခု ရှိတယ်၊ တစ်ခုက အချိန်ကာလတစ်ခု သတ်မှတ်ခြင်းပါ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နောက်ထပ် အချိန်တွေအများကြီး ထပ်ကြာသွားချင် သွားနိုင်ပါတယ်၊ ဒါကြောင့် ဘယ်လို အချိန်ကာလသတ်မှတ်ချက်မျိုးကို ဒီလုပ်ငန်းစဉ်အတွက် ချမှတ်လုပ်ဆောင်သင့်သလဲ။ ဒုတိယတစ်ခုကတော့ တိုးတက်မှုအပိုင်းပါ၊ ကျွန်တော်တို့ဆီမှာ ဒီအစိုးရမတိုင်ခင် အရင်အစိုးရတစ်ရပ်လည်း ရှိခဲ့တယ်၊ ခုကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတစ်ရပ် ရှိနေပြီ၊ ခုအစိုးရဆိုရင် အာဏာရလာတာ နှစ်နှစ်ကျော်တောင် ရှိလာပြီ၊ ဆိုတော့ကာ ငြိမ်းချမ်းရေးမှာ ဘယ်လောက်များ တိုးတက်အောင်လုပ်ထားနိုင်ပြီလဲ ဆိုတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒါကြောင့် ဒီမေးခွန်းနှစ်ခုနဲ့ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။ မြန်မာ့အနေနဲ့ ငြိမ်းချမ်းရေးကို ခပ်မြန်မြန် မြင်ရဖို့ ရှိသလား ဒါမှမဟုတ် ကြာနိုင်ဦးမလား။

အချိန်ကာလ သတ်မှတ်ချက်နဲ့ ပတ်သက်လို့ ဒီမေးခွန်းမျိုးတွေကတော့ အမြဲဖြေဖို့ ခက်နေမှာပါ အခြားနေရာတွေကနေ ရခဲ့တဲ့ ကျွန်တော့်အတွေ့အကြုံတွေကနေ လေ့လာသိရှိခဲ့တာ တစ်ခုကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုရဲ့ တကယ့်လက်တွေ့ ဖြစ်နိုင်ခြေ အလားအလာတစ်ခု ရှိလာပြီလို့ ထင်ရချိန်မှာ ခင်ဗျားအနေနဲ့ ပြည်တွင်းရော ပြည်ပကနေပါ စိတ်အားထက်သန်မှုတွေကို တွေ့ပါလိမ့်မယ်၊ အချိန်ကာလ သတ်မှတ်ချက်နဲ့ပတ်သက်လို့ တအားကြီး မျှော်လင့်နေတာကိုပါ တွေ့ရပါလိမ့်မယ်။

        ဒါနဲ့ပတ်သက်လို့ ၁၉၉၃ ခုနှစ်တုန်းက အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသနဲ့ ပတ်သက်လို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံ တစ်ခုကို ပြန်အမှတ်ရနေမိပါတယ်၊ အဲဒီအချိန်တုန်းက Yitzhak Rabin နဲ့ Yasser Arafat တို့ အကြား အစည်းအဝေးတစ်ခုကို အိမ်ဖြူတော်မှာ သမ္မတ ကလင်တန်နဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ ညိနှိုင်းဆွေးနွေးမှုတွေ နက်နက်နဲနဲ ပါခဲ့ကြတဲ့ ကျွန်တော်တို့တစ်တွေနဲ့ ကျွန်တော့်ရဲ့ အစ္စရေး အပေါင်းအသင်းတွေကတော့ တစ်နှစ်အတွင်း ငြိမ်းချမ်းရေးဆီ အပြီးအပြတ် လုပ်သွားနိုင်မယ်လို့ ထင်ခဲ့ကြရပါတယ်။ ဒါပေမယ့် တကယ်တမ်း ခုချိန်မှာတော့ အဲဒီလုပ်ငန်းစဉ်က ခုထိ မပြီးမပြတ်နိုင်ဘဲ ဖြစ်နေဆဲ ဖြစ်ပါတယ်။ ဒါက ဥပမာတစ်ခုပါ။

     အဲဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြသူတွေရဲ့ စိတ်ဆန္ဒက သူတို့ရဲ့ လက်တွေ့ကျမှုအပေါ် ဆုံးဖြတ်နိုင်စွမ်းအပေါ်မှာ ဘယ်လိုပဲ တပန်းသာတယ်ဆိုပေမယ့် ကိစ္စတွေကို လျင်လျင်မြန်မြန် လုပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ပဋိပက္ခရဲ့ ကာလနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကာလအကြား သင်္ချာနည်းအရ ဆက်နွယ်မှု တစ်ခုခု ရှိတယ်လို့ တစ်ချို့က ပြောကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော် သေချာတော့ မသိပါဘူး၊ ဒါပေမယ့် မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေကို ကြည့်မယ်ဆိုရင် အဲဒီမှာ အရမ်းကို ကာလကြာပြီး ရှုပ်ထွေးလွန်းတဲ့ ပဋိပက္ခတွေ အများကြီး ရှိနေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ တော်တော်လေး ရှုပ်ထွေးပါတယ်၊ ဘာလို့ ဆိုတော့ ပါဝင်သူတွေက အများကြီး ဖြစ်နေလို့ပါ၊ အဆင့်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ မော်ဒန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လို့ ပြောရမယ့် ကိစ္စရဲ့ မူလရင်းမြစ်ကတော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ထိတောင် ပြန်သွားရပါလိမ့်မယ်။

       ကျွန်တော် ဒီကို ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရောက်ခဲ့ပါတယ်၊ အဲဒီအချိန်က JPF ထူထောင်တဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတုန်းက ဒီကို ခဏ လာခဲ့တာပါ၊ နောက်ပြီး အဲဒီတုန်းက ဒီ ပဋိပက္ခတွေကို အပြည့်အ၀ ကျေလည် ပြီးပြတ်သွားနိုင်ဖို့အတွက် ဘယ်လိုမြန်မြန် သွားလို့ရနိုင်မလဲ ဆိုပြီး စိတ်အားထက်သန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ မျှော်မှန်းချက်တွေကိုလည်း ကျွန်တော် အမှတ်ရခဲ့မိပါတယ်။ ခုချိန်မှာတော့ နောက်ကြောင်း ပြန်ကြည့်ပြောရတာ လွယ်ကူပါတယ်၊ ကျွန်တော်တို့တွေဟာ အရမ်းကို အကောင်း မြင်လွန်းခဲ့ပါတယ်၊ အဲဒါအမှန်ပါပဲ၊ ဒါပေမယ့် တစ်ချိန်တည်းမှာလည်းပဲ ဆန့်ကျင်ဘက် ကနေ ရပ်တည်ဖိ့ုကလည်း လွယ်ကူခဲ့ပြန်ပါတယ်။ ပြောရရင် အဲဒီလို အရမ်းကြီး မျှော်မှန်းခဲ့တဲ့အတွက်ကြောင့်လည်း တကယ်တမ်းမှာတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ စိတ်ပျက်လက်ပျက်ပဲ ဖြစ်စေခဲ့ပါတယ်။

     ကျွန်တော် ဒီတာဝန်မတိုင်ခင် ပြီးခဲ့တဲ့ နှစ်တွေက ကမ္ဘာ့ဘဏ်မှာ တာဝန်တစ်ခု ယူခဲ့ပါတယ်။ အဲဒီမှာ ကမ္ဘာပေါ်က ဖြစ်ပျက်နေမှု အခြေအနေတွေကို အစီရင်ခံစာ ထုတ်ပြန်ရတဲ့ ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ပဋိပက္ခတွေ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးပိုင်းမှာ လုပ်ခဲ့ရပါတယ်၊ အဲဒီမှာ ကျွန်တေ်ာတို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခတွေ၊ ပဋိပက္ခဖြစ်ပွားရာ အလားအလာတွေကို   လေ့လာကြည့်ရှုခဲ့ရပါတယ်။ အဲဒီအလုပ်မှာ အဓိက ချမှတ်ရရှိခဲ့တဲ့ သုံးသပ်ချက်တစ်ခုကတော့ ခေါင်းဆောင်တွေနဲ့ နောက်လိုက် တွေအကြားက စိတ်ပိုင်းဆိုင်ရာ အကြောင်းအချက်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တကယ့် အဆုံးအဖြတ်ပေးတဲ့ အရာတွေဖြစ်တယ်ဆိုတာပါပဲ။ ကျွန်တော် အစောတုန်းက ပြောခဲ့သလိုပါပဲ၊ အလားအလာ ကောင်းတွေရှိတဲ့ လုပ်ငန်းစဉ်တစ်ခု အစပျိုးချိန်မျိုးမှာ မြင့်မားတဲ့ မျှော်မှန်းချက်တွေ ထားတတ်တာ၊ တစ်ခုခု မှားသွားတာနဲ့ မျှော်မှန်းချက်တွေဟာ အတိုင်းအတာတစ်ခုထိ ဆုံးရှုံးသွားတတ်တာက ဖြစ်နေကျပုံစံဖြစ်နေပါတယ်၊ ပြီးတော့ ကိစ္စတွေက အမြဲ မှားယွင်းသွားနိုင်ပါတယ်။

          ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်း မူလအခြေအနေ ပြန်ဆိုက်သွားမှုတွေ၊ နောက်ကြောင်းပြန်သွားမှုတွေ၊ အမှားအယွင်းတွေ ဖြစ်မှု၊ ဆိုးရွားတဲ့ တွက်ချက်မှုတွေ ပေါ်ပေါက်မှု၊ မျှော်မှန်းမထားတဲ့ ဖြစ်ပျက်မှုတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ပထမအချက်အနေနဲ့ ပြောရရင်  ဒါကြောင့် လုပ်ငန်းစဉ်တစ်ခုကို ဘယ်လောက်ကြာကြာ အချိန်ယူလုပ်သင့်သလဲ ပြောဖို့က တကယ်ခက်ပါတယ်။ ဒုတိယအနေနဲ့ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ကျရှုံးသွားမှုအကြား ကွာခြားချက်ဖြစ်ပါတယ်။ ဒါကြောင့် ခုကိစ္စမှာတော့ ကျွန်တော်တို့ဟာ အကျဘက် ရောက်နေတဲ့ စက်ဝန်းထဲမှာ ရှိနေတယ်လို့ ထင်ပါတယ်။ လောလောဆယ်အထိတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျရှုံးသွားပြီ ဆိုပြီး ပြောဖို့စောနေပါသေးတယ်။  အဲဒီလို အကဲဖြတ်ဖို့ စောသေးသလို အဲဒီလို အကဲဖြတ်ရင်လည်း တလွဲဖြစ်သွားမယ်လို့ ထင်ပါတယ်။

         အဲဒီတော့ ခု ပြောသလိုမျိုး မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းမှုတွေ အများကြီး ဖြစ်ပေါ်နေတယ်၊ ပထမတစ်ခုက စစ်ပွဲကနေ ငြိမ်းချမ်းရေးဆီ ကူးပြောင်းနေတာပါ။ ဒါဟာ JPF မှာ ကျွန်တော်တို့ လုပ်နေတဲ့ ကိစ္စပါ။  နောက်ဒုတိယတစ်ခုကတော့ စီးပွားရေး အသွင်ကူးပြောင်းမှုပါ။ ဒီနိုင်ငံဟာ အထီးကျန်အဖြစ်ကနေ ရုန်းထွက်လာပြီး စီးပွားရေး အလားအလာကောင်းတွေရှိနေတဲ့ နိုင်ငံအဖြစ်ဆီသို့ ချီတက်နေပါပြီ၊ ဒါမျိုးအခြေအနေကို အရင်နှစ်တွေကတည်းက ရခဲ့သင့်ပါတယ်။ တတိယအနေနဲ့ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုပါ။  ခင်ဗျားတို့ဆီမှာ အရပ်သားအစိုးရတစ်ရပ် ရှိနေပြီ။ စစ်တပ် နဲ့ ဒီမိုကရေစီ ထူထောင်မှုအကြား စိတ်တထင့်ထင့်နဲ့ ဟန်ချက်ထိန်းနေရတာတော့ ရှိတာပေါ့။

          နောက်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲတစ်ခုဆီ ချီတက်နေပြီ။ အဲဒီရွေးကောက်ပွဲကလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဖိအားတွေဖြစ်စေပါတယ်။ ဆိုလိုချင်တာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ အတိတ်က ကျန်နေရစ်သေးတဲ့ အကြွင်းအကျန်တို့အကြား ပဋိပက္ခဖြစ်ရာမှာ အသုံးချခံ ဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန် တိုးတက်မှုရအောင် လုပ်ဖု့ိ လိုပါတယ်။  ဒါမှလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာမှာ နောက်ကျ မကျန်ရစ်စေမှာပါ။ ဒါကြောင့်လည်း ၂၀၁၈ ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးကြီးတယ်လို့ ပြောရတာဖြစ်ပါတယ်။

ဒါဆိုရင် ၂၀၁၈ နဲ့ ၂၀၁၉ မှာ တိုးတက်မှုတွေ ရအောင် မြန်မြန်လုပ်ရမယ်လို့ ဆိုလိုချင်ပါသလား။

မှန်ပါတယ်၊ အထူးသဖြင့် ဒီနှစ်ပေါ့၊ ဘာလို့လဲ ဆိုတော့ ၂၀၁၉ ထဲ ရောက်ပြီဆိုရင် ရွေးကောက်ပွဲ စက်ဝန်းထဲ ရောက်ခါနီးဖြစ်သွားမှာမို့လို့ပါ။

နောက်တစ်ခုက ပူးပေါင်း ငြိမ်းချမ်းရေး အစီအစဉ်မှာ လုပ်ဆောင်နေတဲ့ အဓိက နယ်ပယ်ဧရိယာတွေက ဘာတွေများလဲ။

 ဒီနေရာမှာ ကျွန်တော်တို့ ဘယ်သူတွေလဲ၊ ဘာတွေလုပ်နေကြသလဲ ဆိုတာနဲ့ပတ်သက်လို့ နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ အကျိုးရှိဆုံးက ဘာလဲဆိုတာကို ပြောရရင် ဒါက ပြည်တွင်း သီးသန့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခု ပါဝင်နေတဲ နည်းလမ်းတစ်ခုလို့ ဆိုရမှာပါ။ ဒီမတိုင်ခင်က အရှေ့အလယ်ပိုင်း၊ အာဖရိက၊ တောင်အာရှနဲ့ အရှေ့အာရှဒေသတွေက တစ်ခြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၅ ခုကနေ အခု ၂၀ လောက်အထိ ပါဝင် လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒီက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ ကျွန်တော် လုပ်ခဲ့ဖူးသမျှ လုပ်ငန်းတွေ အားလုံးထဲမှာ ကိုယ်ပိုင် ထိန်းချုပ်လုပ်ကိုင်အနိုင်ဆုံး လုပ်ငန်းစဉ် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကလည်း ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ရှိနေတဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ပြည်တွင်းမှာပဲ ဖြစ်ပြီး ပြည်တွင်းမှာပဲ စီမံနေရလို့ ဖြစ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ JPF အဖွဲ့အနေနဲ့ ဒီ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အကျိုးဆောင်တစ်ဦး အဖြစ် ရှိနေတယ်ဆိုတာကို ဆိုလိုချင်ပါတယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင် အစီအစဉ် မရှိပါဘူး။ ကျွန်တော်တို့ ဒီမှာ ရှိနေတာက အမျိုးသားရေး အစီအစဉ်ကို ပံ့ပိုးကူညီဖို့ ရှိနေတာပါ။

       ဒါကို နည်းလမ်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ လုပ်ပါတယ်။ အထူးပြောရရင်တော့ နည်းလမ်းသုံးခုနဲ့ပါ။ ပထမနည်းလမ်းက ကျွန်တော် ပြောတဲ့ သမားရိုးကျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အဓိက အခရာ လိုအပ်ချက်တွေကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ အဲဒါကတော့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးညိနှိုင်းမှုတွေ၊ အပစ်ရပ် စောင့်ကြည့်ရေး ယန္တရားတွေပါ၊ ဒါတွေကတော့ NCA ရဲ့ အချက်အချာ အစိတ်အပိုင်းနှစ်ခုပါ။ နောက်ပြီး လူမှုအသိုင်းအဝိုင်းရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဖြစ်ပါတယ်။ ဒီလိုကြောင့်လည်း ကျွန်တော်တို့ဆီမှာ CSO တွေနဲ့ ဒေသဆိုင်ရာ အခြေစိုက် အစုအဖွဲ့တွေကို ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ဆောင်ဖို့ အားပေးနိုင်မယ့်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သဘောပေါက်နားလည်စေနိုင်မယ့်၊ သူတို့ကိုယ်တိုင် ဘယ်လိုမျိုး ပါဝင်ပတ်သက်လာရမလဲ ဆိုတာကို သိရှိသွားစေမယ့် အစီအစဉ်တွေ အများကြီးရှိပါတယ်။

        နောက်ပြီး သုတေသနတွေလည်း ကျွန်တော်တို့ လုပ်တယ်၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လု့ိ သုတေသနတွေကိုလည်း ဖြန့်ဝေတယ်၊ တစ်ခြားနိုင်ငံတွေက စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာတွေကိုလည်း ယူလာပေးပါတယ်၊ ဒါပေမယ့်လည်း အားလုံးကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာပဲ အာရုံစိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အလေးထားလုပ်ကိုင်နေတဲ့ အရာသုံးခုရှိပါတယ်။ အဲဒီအထဲကမှ အများဆုံး အလေးထား လုပ်ကိုင်နေတာကတော့ သမားရိုးကျ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထောက်ပံ့ကူညီ ပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့် အစိုးရကို ကျွန်တော်တို့ ပံ့ပိုးပေးတယ်၊ NRPC ၊ NCA လက်မှတ်ထိုးထားသူတွေ၊ ENAC တို့ကို ကူညီပံ့ပိုးပေးပါတယ်။

         ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်ဝင်စားပြီး ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှုကို ရယူချင်သူတိုင်းအတွက် ကျွန်တော်တို့ အသင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုတွေထဲမှာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီတွေ၊ နည်းပညာ အကူအညီ၊ အကြံဉာဏ်တွေ ပါဝင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဝန်ထမ်းအင်အား အလုံအလောက် ရှိပြီး သူတို့ကလည်း မြန်မာနိုင်ငံတွင်းမှာရော၊ နိုင်ငံပြင်ပ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပိုင်းမှာ အတွေ့အကြုံ ရှိထားသူတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆန္ဒရှိမယ်ဆိုရင် လိုအပ်သလို ကျွန်တော်တို့ အားလုံးနဲ့ ချိတ်ဆက်လို့ ရပါတယ်။ ခုထက်ထိတော့ ခုနကဝန်ဆောင်မှုတွေပဲ ရနိုင်ပါသေးတယ်။

မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံဖွံ့ဖြိုးရေးက ဘာကြောင့်များ အရေးကြီးနေရတာပါလဲ။

ကျွန်တော် အလုပ်လုပ်ခဲ့သမျှ နိုင်ငံတော်တော်များများမှာတော့ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတဲ့ အယူအဆသဘောထားက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးပါနေတာကို တွေ့ခဲ့ရပါတယ်။ စစ်ပွဲတစ်ခု ဖြစ်လာချိန်၊ အထူးသဖြင့် ရှည်ကြာတဲ့ စစ်တစ်ခု ဖြစ်လာပြီဆိုတာနဲ့ နောက်က ဆက်ဖြစ်လာတာက ဘာလဲဆိုတော့ အခြေခံကျတဲ့ ယုံကြည်မှု ကျိုးပျက်သွားခြင်း ဖြစ်ပါတယ်။ အာဏာပိုင်တွေ၊ အစိုးရပဲဖြစ်ဖြစ်၊ အစိုးရမဟုတ်သူတွေပဲဖြစ်ဖြစ် အဲဒီ အာဏာပိုင်တွေဆီမှာ နိုင်ငံသားတွေရဲ့ယုံကြည်မှုကို ပြန်လည် တည်ဆောက်ဖို့ အဓိက တာဝန်ရှိကြပါတယ်။ အဲဒီ နိုင်ငံသား ယုံကြည်မှုကလည်း အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှု၊ တစ်ဦးနဲ့တစ်ဦးအကြား ယုံကြည်မှု၊ အုပ်ချုပ်သူ အစိုးရအာဏာပိုင်တွေအပေါ် ယုံကြည်မှုတို့ ဖြစ်ပါတယ်။

ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုကတော့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးတရား တစ်ခုခု ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ ခုချိန်မှာတော့ အဲဒီ အကျိုးတရားတွေက ပြည်သူတွေ အလိုအပ်ဆုံးသော အရာတွေပေါ်မှာ မူတည်ပြီးတော့ အများကြီး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လုံခြုံရေးလည်း ဖြစ်နိုင်တယ်၊ တစ်ခါတစ်ရံမှာလည်း တရားမျှတမှုလည်း ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ အမြဲတမ်းတော့မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ယုံကြည်မှု ပျက်ပြားစေတဲ့ ကိစ္စက ဘာလဲ ဒါမှမဟုတ် တရားမမျှတမှုကို ဘယ်နေရာမှာ အနက်ရှိုင်းဆုံး ခံစားနေရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ကြည့်ပြီးမှ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် စီးပွားရေး ကဏ္ဍတစ်ခု ရှိနေတဲ့ ကိစ္စမျိုးတွေ ဆိုပါတော့ဗျာ၊ ခင်ဗျားတို့ဆီမှာ စနစ်တစ်ချို့ကြောင့် ဘာမှလုပ်လို့မရဘဲ အလုပ်မရသေးတဲ့ လူငယ် အမျိုးသား၊ အမျိုးသမီးတွေ ရှိနေတဲ့ မျိုးဆက်တစ်ခု ရှိနေတယ်ဆိုပါစို့၊ အဲဒီလိုအခါမျိုးကျရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် ဖန်တီးရေးအတွက် အဓိက အားကောင်းတဲ့ အခန်းကဏ္ဍတစ်ခု ရှိပါလိမ့်မယ်။

အစိုးရရဲ့ လုပ်ဆောင်ပေးမှုကနေတဆင့် တိုက်ရိုက် အလုပ်အကိုင် ဖန်တီးပေးတာမျိုး ဒါမှမဟုတ် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုကနေတဆင့် သွယ်ဝိုက် ဖန်တီးပေးခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တော်တော်လေး အရေးပါသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ အဲဒါကိုလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအတွက် ရွှေသော့လို့ ထင်မယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ရွှေသော့ဆိုတာက အဲဒါမဟုတ်ပါဘူး၊ ဘာလဲဆိုတော့ တရားမျှတမှုအတွက် လုပ်ဆောင်ပေးတာ၊ ပြည်သူတွေ စိတ်အေးချမ်းစေဖို့ လုပ်ဆောင်ပေးတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ကမ္ဘာ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကို ပြန်သွား ကြည့်တဲ့အခါမှာတော့ အလုပ်အကိုင်တွေ၊ တရားမျှတမှုနဲ့ လုံခြုံရေးကိုပဲ ကျွန်တော်တို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကိစ္စမှာလည်း ကျွန်တော်ထင်ပါတယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ ကဏ္ဍတစ်ခုအနေနဲ့ နေရာပေးခြင်းက အရမ်းအရေးပါ ပါလိမ့်မယ်။ ဒါကတော့ JPF လုပ်နေတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက အရမ်းကို အကုန်အကျများတဲ့ ကိစ္စဖြစ်လို့ပါ။ ဒီနေရာမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ အခြေခံအဆောက်အအုံ၊ အလုပ်အကိုင်ဖန်တီးရေး စသဖြင့် လုပ်ငန်းတွေထဲမှာ အတွေ့အကြုံတွေအများကြီး ရှိတဲ့ အစိုးရ ဌာနတွေနဲ့ အလှူရှင်တွေလည်း အများကြီး ရှိပါတယ်။ အဲဒီတော့ သူတု့ိ လုပ်နေတာတွေကို လိုက်လုပ်ဖို့က အဓိပ္ပါယ်တော့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒါကို သေချာပေါက် ထောက်ပံ့ပေးသွားမှာပါ။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိက ပါဝင်ပတ်သက်နေသူတွေရဲ့ စိတ်ဆန္ဒနဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဘယ်လို ထင်မြင်ပါသလဲ။

ကျွန်တော် ထင်ပါတယ်၊ ဘယ်လို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မဆို ပါဝင်ပတ်သက်သူတွေဆီမှာ မတူညီတဲ့ စိတ်ဝင်စားမှုတွေ ရှိတတ်ပါတယ်။  တစ်ချို့ကိစ္စတွေမှာ ပဋိပက္ခတစ်ခုက အချိန်ကြာကြာ ဆက်ဖြစ်နေတယ် ဆိုရင် ပိုပြီးတော့တောင် စိတ်ဝင်စားမှုက များနိုင်ပါတယ်။ တစ်ချို့ ဖောက်လွဲဖောက်ပြန် ကိစ္စတွေမှာဆိုရင် အဲဒီ အကျိုးအမြတ်တွေက ရှိလာနိုင်ပါတယ်။ ဒီလိုမျိုး ပဋိပက္ခမျိုးတစ်ခုမှာ ကံမကောင်းစွာနဲ့ပဲ ပဋိပက္ခတွေ ဆက်ဖြစ်နေမှ ဒါမှမဟုတ် မတိုးသာမဆုတ်သာ အခြေအနေ ဆက်ဖြစ်နေခါမှ အကျိုးကျေးဇူးတွေ ဆက်ရှိနေနိုင်တဲ့ ခေါင်းဆောင်တွေအများအပြား ရှိတယ်၊ တစ်ဘက်မှာကလည်း ငြိမ်းချမ်းရေး ရမှ ကိုယ့်လူတွေအတွက် အကျိုးဖြစ်စေနိုင်ပြီး ကိုယ်ကိုယ်တိုင်တွေကိုလည်း အာဏာရလာမယ့်သူတွေနဲ့ ခေါင်းဆောင်တွေအဖြစ် ရှိစေမယ်လို့ သဘောပေါက် နားလည်ထားတာကြောင့် မတူညီတဲ့ တစ်ခုခုကို ရချင်တဲ့ အခြားခေါင်းဆောင်တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က ဘာကို မျှော်လင့်လဲ ဆိုတော့ အဲဒီလို လူတွေက ခုနကက လူတွေထက် ပိုများစေဖို့ ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က နိုင်ငံသားအများအပြား ကိုယ့်ကြမ္မာဖန်တီးခွင့်နဲ့ အရမ်း ဆိုင်တဲ့ နိုင်ငံရေး ကိစ္စတစ်ခု ဖြစ်ပါတယ်။ အများပြောနေကြတာကလဲ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒါကို ဖြေရှင်းလို့ မရနိုင်ဘူးဆိုပြီးတော့ပေါ့၊ အဲဒီတော့ အဲဒီလို အပြောင်းအလဲတွေက အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် အရေးကြီးသလား၊ ဘယ်လိုထင်ပါသလဲ။

နောက်ကျင်းပမယ့် UPC ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံ ပြောင်းလဲရေးနဲ့ ပတ်သက်မယ်လို့ ကျွန်တေ်ာထင်ပါတယ်။ စစ်ပွဲတစ်ခုကို ကူညီ အဆုံးသတ်စေနိုင်တဲ့ ဖယ်ဒရယ်လစ် စနစ်တစ်ခုအကြောင်း ကျွန်တော် တို့ ပြောကြပြီဆိုရင်  ကျွန်တော်တို့ ဒီနေ့ ရှိနေတာတွေကနေ မတူညီတဲ့ ပြောင်းလဲမှု တစ်ခုခုအကြောင်း ပြောနေကြတာဖြစ်ပါတယ်။  အဲဒါက ဘာနဲ့ တူလဲ ဆိုတော့ ကျွန်တော် ပြောလို့ မရပါဘူး။ ကျွန်တော် ပြောလို့မရတဲ့အပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ထင်ပါတယ်၊ ဒီဆွေးနွေးမှုတွေပါဝင် လုပ်ဆောင်နေသူ အများစုရဲ့ စိတ်ထဲမှာလည်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ယင်းရဲ့ ပေါင်းစည်းမှုကို ဆက်ထိန်းထားနိုင်မယ့်၊ တစ်ဘက်မှာလည်း နိုင်ငံတွင်းက တိုင်းရင်းသားဒါမှမဟုတ် မတူညီတဲ့ မျိုးနွယ်စုတွေ ၎င်းတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို တောင်းဆိုနိုင်တဲ့ ဖက်ဒရယ်လစ်ဇင်ရဲ့ အလားအလာကို ရှင်းရှင်းလင်းလင်း သိထားကြမယ်လို့ ထင်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မီဒီယာရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိပါသလဲ၊ ကျွန်တော်တို့အနေနဲ့ ဘယ်လို တက်တက်ကြွကြွ ကူညီပေးနိုင်မလဲ။

မီဒီယာအခန်းကဏ္ဍက အတော်လေးကို အရေးပါ ပါတယ်။ နိုင်ငံသားတွေ ရဲ့ အတွေးအမြင် ထင်မြင်ချက်တွေဟာ မီဒီယာအပေါ်မှာ ကြီးကြီးမားမား မူတည်နေပါတယ်။  ဒီကနေ့ခေတ်မှာ ဆိုရှယ်မီဒီယာလိုမျိုး မီဒီယာ ပုံစံတွေ အများကြီးလည်း ရှိနေပါပြီ။ ဆိုရှယ်မီဒီယာက တစ်ခါတစ်ရံမှာ တစ်ဦးတစ်ယောက်ရဲ့ ကြိုတင်ရှိနှင့်ပြီးသား ဆင်ခြင်တုံတရားနှင့် ရပ်တည်ချက်တို့ကို ပိုအားကောင်းစေနိုင်ပါတယ်။ တစ်ခါတစ်ခါမှာတော့ ပင်မ မီဒီယာတွေ လုပ်နိုင်သလိုမျိုးတော့ အားကောင်းတဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပေးနိုင်ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပင်မ မီဒီယာအကြောင်း ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ ပင်မမီဒီယာကောင်းတစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ဒါကတော့ အချက်အလက်တွေ၊ သတင်းအထောက်အထား အချက်အလက်တွေ ဖြန့်ဝေပေးနိုင်တဲ့ အမျိုးသား မီဒီယာတစ်ခုပေါ့။ ဒါမှလည်း သာမန် လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ ဘယ်ဟာကတော့ မှန်တယ်၊ ဘယ်ဟာကတော့ မှားတယ်၊ ဘယ်ဟာကိုထောက်ခံသင့်ပြီး ဘယ်ဟာကိုတော့ ကန့်ကွက်သင့်တယ်ဆိုပြီး သူတု့ိရဲ့ စိတ်ဆုံးဖြတ်နိုင်မယ့် စွမ်းအားတွေ ရမှာဖြစ်ပါတယ်။

တစ်ခြား ထပ်ဖြည့်ပြောချင်တာများ ရှိသေးသလား။

ကျွန်တော် ပြီးခဲ့တဲ့ ခြောက်လလောက်ကတည်းက စပြီး ဒီနိုင်ငံမှာ အလုပ်လုပ်ဖို့ အတွက် အခွင့်အရေး ကောင်းတစ်ခု ရထားခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စောင့်ကြည့်သူအဖြစ်နဲ့ရော   ထောက်ပံ့ အားပေးသူအဖြစ်နဲ့လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။  ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ပါဝင်တဲ့ ခေါင်းဆောင်တွေဘက်က  တကယ့်ရည်မှန်းချက် ပန်းတိုင်ဆီ သွာဖို့အတွက် လိုအပ်တဲ့ စိတ်ခွန်အား သတ္တိတွေကိုသာ ဆက်ထိန်းထားနိုင်သမျှ ကာလပတ်လုံး ကြီးကျယ်တဲ့ အလားအလာကောင်းတွေ ရှိနေပါလိမ့်မယ်။

 

Mizzima Weekly